တခါတရံ၌ စိတ်ထဲမှာ ထင်ထားတာနဲ့ လက်တွေ့ဖြစ်လာတာတွေက
တလွဲတချော်တွေ ဖြစ်တတ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရတနာရာမကျောင်းကိုရောက်တော့
စင်္ကာပူနိုင်ငံက ၀န်ကြီးချုပ် လီကွမ်ယု အကြောင်းကို ဖတ်ချင်တယ်လို့ ဦးဇာကြီးကို
ပူဆာတော့ သူ့အခန်းထဲမှာ သေချာသိမ်းထားတဲ့ ဇင်ဝေသော်ရေးထားတဲ့ လီကွမ်ယု - နားဝင်မချိုတဲ့
အမှန်တရားများဆိုတဲ့ စာအုပ်ကို ထုတ်ပေးပါတယ်။
စာအရေးအသားကလည်းကောင်း လီကွမ်ယုအကြောင်းကလည်း
စိတ်ဝင်စားဖို့ကောင်းတာကြောင့် အဲဒီစာအုပ်ကို ဖတ်ရတာ အရသာရှိလွန်းလှပါတယ်။
စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသွားတော့ လီကွမ်ယုအကြောင်းကို
တော်တော်များများ သိခွင့်ရလိုက်ပါတယ်။ ဒါပေမယ့် သိခွင့်မရလိုက်တာက စာရေးဆရာ
ဇင်ဝေသော်အကြောင်းကိုပါပဲ။
အဲဒီစာရေးဆရာနာမည်ကို အရင်ကတည်းက မကြားဖူခဲ့တာလည်း
ပါတာပေါ့။ စာအုပ်က အရမ်းဖတ်လို့ကောင်းတော့ စာရေးဆရာက ဘယ်သူဆိုတာ မသိခဲ့ပေမယ့်
ဇင်ဝေသော်ဆိုတဲ့ နာမည်ကိုတော့ မှတ်မိနေပါတယ်။
အဲဒီမှာ စိတ်ထဲကနေ ဇင်ဝေသော်ဆိုတဲ့ စာရေးဆရာအကြောင်းကို
နည်းနည်းတွေးကြည့်လိုက်တယ်။ ပထမဆုံးတွေးမိလိုက်တာက ဇင်ဝေသော်ဆိုတာ စာရေးဆရာ
လူတစ်ယောက်ပဲလို့ မှတ်ချက်ချလိုက်တယ်။
ဒုတိယထပ်တွေးမိတာက ဇင်ဝေသော်ဆိုတဲ့ ဒီစာရေးဆရာဟာ
ဒီလောကမှာ မရှိလောက်တော့ဘူးလို့လည်း တွေးမိသေးတယ်။ ဘာပြုလို့လည်းဆိုတော့
ဒီစာရေးဆရာက ဒီစာအုပ်တစ်အုပ်ထဲရေးပြီး လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားပြီလို့
ထင်မိတာကြောင့်ပါပဲ။
အဲဒီလို ကျုပ်ထင်ထားတာတွေဟာ မှားနေတယ်ဆိုတာကို
အလင်းပြလိုက်တာကတော့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ရဲ့
နှစ်သုံးဆယ်ပြည့် ပုလဲရတုပွဲတော်ကြီးပါပဲ။
အဲဒီအခါကျမှ
အော်.. ဇင်ဝေသော်ဆိုတာ …
အရပ်ရှည်ရှည်နဲ့ ရဟန်းစာရေးဆရာတစ်ပါးပါလား …
အခုထက်ထိ အသက်ထင်ရှားရှိနေတုန်းပါပဲလား …
နပသက ငါတို့နောင်တော်ကြီးတစ်ပါးပါလား …
ဆိုတာကို ထင်ထင်ရှားရှားကြီး သိလိုက်ရပါတော့တယ်။
အရင်တုန်းက မသိခဲ့ဖူးတဲ့ နောင်တော်ကြီးတွေကို
သိခွင့်ရခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ပုလဲရတုရေ …..
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment