ဆီးနှင်းတွေ
တဖွဲဖွဲကျတဲ့လ။
အာကာတခွင်မှာ
မြူခိုးတွေ
အပျော်ကျူးနေတတ်တဲ့လ။
အမြဲပူနေတဲ့လောကကြီးကို
အအေးဓာတ်တွေ
ဖြန့်ဝေပေးတဲ့လ။
အဲဒီလရဲ့
သန်းခေါင်ယံအချိန်
ငါ့ဥယျာဉ်ထဲမှာ
ငါမစိုက်ဘဲနဲ့
ပန်းလေးတစ်ပွင့်
ဖူးပွင့်လာခဲ့တယ်
မထင်မှတ်ဘဲ
ပေါ်လာခဲ့လို့
မထင်မှတ်ဘဲ
ကွယ်ပျောက်သွားမယ်လို့
ထင်ခဲ့မိတယ်
အချိန်တွေကြာလာတော့
ပန်းကလေးက
လှသည်ထက် ပိုလှလာတယ်
ပွင့်ဖတ်ပွင့်ချပ်တွေ
စုံလင်လာတော့
ပိုကြည့်ကောင်းလာတယ်
အရောင်အသွေးတွေ
တောက်ပလာတော့
ပိုပြီးစွဲမက်စရာကောင်းလာတယ်
မထင်မှတ်ဘဲ
ရောက်လာခဲ့တဲ့
ပန်းကလေးကို
အရိပ်တကြည့်ကြည့်နဲ့
ငေးကြည့်နေခဲ့မိပြီ
ပန်းကလေးရဲ့အလှကို
ငေးမောရင်း
စကားတွေ
အများကြီး ပြောနေခဲ့တယ်
ပန်းကလေးနဲ့
စကားပြောရရင်
ပျော်တယ်
စကားမပြောရရင်
ရင်ထဲမှာ
ဟာတယ်
တစ်ခါတစ်လေ
ပန်းကလေးနဲ့အတူ
စကားတွေပြောရင်း
ကြည်နူးခဲ့ဖူးတယ်။
တစ်ခါတစ်လေမှာတော့
ပန်းလေးနဲ့
ရန်ဖြစ်လို့
အကြိမ်ကြိမ်
ငိုခဲ့ရဖူးတယ်
သေချာဆန်းစစ်လိုက်တော့
ပန်းကလေးအပေါ်
သံယောဇဉ်အမျှင်အတန်းတွေ
ရစ်ပတ်နေမိပြီဆိုတာဟာ
အဖြေမှန်ပါပဲ
ကိုယ်မစိုက်ဘဲ
ပွင့်လာတဲ့ပန်းကလေး
ခူးဆွတ်ရမှာလည်း
ဝန်လေးနေမိတယ်။
အချိန်တွေ
ကြာလေလေ
သံယောဇဉ်တွေ
ခိုင်မြဲလေလေပါပဲ
ဒီဇင်ဘာရဲ့
သန်းခေါင်ယံမှာ
ပွင့်လာတဲ့ပန်းကလေး
ဒီဇင်ဘာရဲ့
ညအမှောင်ထဲမှာပဲ
နှုတ်ဆက်ခြင်းကင်းမဲ့စွာ
ပြန်လည်ပျောက်ကွယ်သွားတယ်
ပန်းကလေးကို
လွမ်းတယ်။
ပန်းကလေးကို
တမ်းတမိတယ်။
ဒီဇင်ဘာမှာ
ငါပျော်ခဲ့ဖူးတယ်။
အခု
ဒီဇင်ဘာမှာ ငါငိုနေရပြီ
ဒီဇင်ဘာကြောင့်
ငါ့ဘဝ
စဖြစ်ခဲ့သလို
ဒီဇင်ဘာကြောင့်ပဲ
ငါ့ဘဝ
ပျက်ခဲ့ရတယ်
ဒီဇင်ဘာကို
မျှော်လင့်နေတယ်။
ဒီဇင်ဘာရောက်မှာကိုလည်း
ကြောက်နေမိတယ်။
အလွမ်းတွေနဲ့
ဒီဇင်ဘာကို
အလွမ်းတွေနဲ့ပဲ
နှုတ်ဆက်လိုက်ပါတယ်
အလွမ်းဒီဇင်ဘာ
ကိုပေါက်ခေါင်း
No comments:
Post a Comment