ရာသီတွေ အလီလီပြောင်းလို့ လတပေါင်းကိုပင် ရောက်ပေတော့မည်။ ဒီအချိန်ဆိုလျှင် ရွာအနောက်က လက်ပံပင်ကြီးပင် ပွင့်နေပေတော့မည်။ ရွာဦးကျောင်းက ကံကော်ပင်ကြီးလည်း ဖူးတံလေးများ တဝင့်ဝင့်နှင့် လောကကြီးကို အလှဆင်ဖို့ အားယူနေပေတော့မည်။
ကျွန်ုပ်တို့ရွာ၏ အဝင်၌ ကြီးမားသောပင်စည် ဝေဆာနေသော အခက်အလက် အပွင့်အရွက်များနှင့် စည်ကားနေသော လက်ပံပင်ကြီးတစ်ပင် ရှိ၏။ ဆောင်းအကုန် နွေအပြောင်း တပို့တွဲ တပေါင်းကို ရောက်လျှင် ထိုလက်ပံပင်ကြီးမှ လက်ပံပွင့်များ လှိုင်လှိုင်ဖူးပွင့်လေ့ရှိသည်။
လက်ပံပင်ကြီးက ကြီးမားခိုင်ခံ့သကဲ့သို့ သူ၏ အပွင့်များမှာလည်း ဖွံ့ထွားလှပကြ၏။ လက်ပံပွင့်ချိန်ရောက်လျှင် လက်ပံပင်ကြီးအောက်၌ ကလေးငယ်များနှင့် စည်ကားနေတတ်၏။ လေတစ်ချက် ဝှေ့လိုက်တိုင်း ကြွေကျလာသော လက်ပံပွင့်များကို သူ့ထက်ငါ အရင်ဦးအောင် အလုအယက် ကောက်ယူနေကြသည့် မြင်ကွင်းမှာ ကြည်နူးစရာကောင်းလှ၏။
ရံဖန်ရံခါဆိုလျှင် လက်ပံပွင့်ကောက်နေသော ကလေးများနှင့် လက်ပံပွင့်စားချင်သော နွားကလေးများ အပြိုင်အဆိုင် လက်ပံပွင့်များကို လုယက်နေကြသည်မှာလည်း ပျော်ရွှင်စရာ အကောင်းဆုံးသော မြင်ကွင်းတစ်ခု ဖြစ်၏။
ယခုကဲ့သို့ တပို့တွဲနှောင်း၍ တပေါင်းလသို့ မရောက်တတ်သေးသော စပ်ကူးမတ်ကူး အချိန်ကာလတွင် ရွာအနောက်ဘက်ခြမ်းရှိ လက်ပံပင်ကြီးတွင် လက်ပံပွင့်များဖြင့် စည်ကားနေသည်ကို အားကျသည့်အလား ရွာဦးကျောင်းရှိ ကံ့ကော်ပင်ကြီးမှ ကံ့ကော်ဖူးလေးများသည် လောကကြီးကို အလှဆင်ရန်အတွက် ခေါင်းတထောင်ထောင် လည်တမော့မော့နှင့် အားယူလျက် ရှိနေ၏။
ထိုကံ့ကော်ပင်ကြီးသည် ကျွန်ုပ်တို့၏ အဖိုးအဖွားများ လက်ထက်ကပင် တည်ရှိခဲ့ပြီး အရွယ်အိုမင်းနေပြီဖြစ်သော သက်ရှည်ပင်ကြီး ဖြစ်၏။ ရွာသူရွာသားများ ကိုးကွယ်အားထားရာ စေတီတော်၏ မလှမ်းမကမ်းတွင် တည်ရှိသောကြောင့် ဘုရားဖူးလာသူများ အေးမြသော ကံ့ကော်ရိပ်တွင် နားခိုနိုင်ရန်နှင့် ကံ့ကော်ပန်းများကို ဘုရားရှင်အား လှူဒါန်းနိုင်ရန် ရှေးလူကြီးများ ရည်စူး၍ စိုက်ပျိုးခဲ့ခြင်း ဖြစ်ဟန်တူ၏။
ပန်းပွင့်ချိန်ရောက်လျှင် ဖွေးဖွေးဖြူနေသော ရွာဦးစေတီနှင့် ဖွေးဖွေးလှုပ်နေသော ကံ့ကော်ပင်တို့ကို ကြည့်ရသည်မှာ ကြည့်ရှု၍ မဝနိုင်အောင်ပင် ကြည်နူးစရာ ကောင်းလှ၏။ ရွာဦးစေတီနှင့် ကံ့ကော်ပင်ကြီးမှာ ကြာမျိုးစုံတို့ဖြင့် ပြည့်နှက်နေသော ရေကန်ကြီးကဲ့သို့ လွန်စွာတင့်တယ်၍ ပနာရလှပေသည်။ ပန်းပွင့်ချိန်ရောက်လျှင် ကံ့ကော်ပန်းပွင့်များသည် စေတီတော်ရှိရာသို့ မျက်နှာမူလျက် ရှိနေသည်မှာ ဘုရားရှင်အား ညွတ်တွားပူဇော်နေသကဲ့သို့ပင် ဖြစ်၏။
ယခုအချိန်ဆိုလျှင် တောသူတောင်သားတို့၏ ထုံးစံအတိုင်း ကျွန်ုပ်တို့ ရွာသူရွာသားများသည် မိုးမလင်းခင်ကပင် လုပ်ငန်းခွင်သို့ ဝင်ကြရ၏။ တောင်ယာခုတ်ရန် သွားကြရ၏။ ဝါးခုတ်ရန်အတွက် ထွက်ကြရ၏။ ထင်းခွေဖို့ရန် ပြင်ဆင်ရ၏။
မိုးမလင်းသေးမီ ဝေလီဝေလင်း အချိန်တွင် ရွာဦးကျောင်းရှိ ကံ့ကော်ပင်ကြီးမှ မွှေးကြိုင်လန်းဆန်းသော ကံ့ကော်ပန်းရနံ့များသည် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် လှုပ်ရှားနေကြသော ရွာသူရွာသားများအား အားသစ်အင်သစ်များကို သွန်းလောင်းပေးသကဲ့သို့ ရှိနေပေသည်။
အဝေးအရပ်မှ လာသောသူများသည် ရွာအဝင်မှ လက်ပံကြီးကို လှမ်းမြင်လိုက်သည်နှင့် ကျွန်ုပ်တို့ရွာ ရောက်ပြီကို အလွယ်တကူ သိနိုင်သကဲ့သို့ လေထဲတွင် ဝဲပျံလာသော ကံ့ကော်ပန်း ရနံ့များကို ရှူရှိုက်မိလျှင်လည်း ကျွန်ုပ်တို့ရွာကို ရောက်နေပြီဖြစ်ကြောင်း မပြောဘဲနှင့် သိနိုင်ကြသည်။
ထိုသို့ဆိုလျှင် ရွာဦးကျောင်းမှ ကံ့ကော်ပင်ကြီးနှင့် ရွာအဝင်မှ လက်ပံပင်ကြီးတို့သည် ကျွန်ုပ်တို့ရွာ၏ အထင်ကရ အမှတ်သင်္ကေတများပင် ဖြစ်ပေတော့သည်။
မုတ်သုန်လေရူး၊သွင်သွင်မြူးသည့်
နွေဦးကာလ၊ သမယတွင်
ရွာအဝင်မှ၊ ဖုန်ထသောလမ်း
အသွင်ဆန်းကို၊ တမ်းတမိသည်
မွေးဌာနီ။
ရွာ၏အလယ်၊ လွန်တင့်တယ်၍
ဝင့်ထည်လှစွာ၊ ကျောင်းဝိဟာနှင့်
မကွာအမြဲ၊ တူယှဉ်တွဲသည့်
လက်တွဲအဖော်၊ ပင်ကံ့ကော်သည်
ဖူးမြော်သည့်လား၊ စေတီဘုရားကို
ညွတ်တွားနေသည်၊
မွေးမြေဆီ။
ရွာ၏နောက်ဘက်၊ တောင်ကုန်းထက်ရှိ
ခက်လက်စုံလင်၊ လက်ပံပင်မှ
မြည်သံဟစ်ကြွေး၊ ကျေးငှက်တေးကို
နွေးထွေးသာယာ၊ တေးသံသာသွင်
စိတ်မှာထင်၍၊ မြင်ယောင်မိပေ
မွေးရပ်မြေ။
မွေးရပ်မြေမှ၊ မိတ်ဆွေပေါင်းသင်း
သူငယ်ချင်းနှင့်၊ ရောင်းရင်းများစွာ
မျိုးသဟာကို၊ ရင်မှာပေါက်ဖွား
လွမ်းစိတ်များဖြင့်၊ မခြားနေ့ည
သတိရ၍၊
တမ်းတလို့သာ၊ မျှော်မိသည်။
မှန်းဆလို့သာ၊ ခေါ်မိသည်။
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment