ယနေ့ခေတ်တွင် စာတတ်ပေတတ် ရဟန်းငယ်များအား ရဟန်းခံ၊သိက္ခာထပ်ပေးချင်သော
ဒကာ၊ဒကာမများကား ပေါများလှ၏။ ရဟန်းခံပေးပြီးလျှင်လည်း မိမိ၏ သားအရင်းအချာတစ်ယောက်ကဲ့သို့
ချစ်ခင်၍ ဂရုတစိုက် ရှိတတ်ကြ၏။
တချို့ဒကာမများဆိုလျှင် ဂရုစိုက်သည်ထက်ပင် ပို၍ဂရုစိုက်တတ်ကြ၏။
ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့၊ ဟိုလူနဲ့ စကားမပြောနဲ့၊ ဒီလူနဲ့ စကားမပြောနဲ့၊ ဟိုအကြောင်း
မရေးနဲ့၊ ဒီအကြောင်း မရေးနဲ့ဟူ၍ ချုပ်ချယ်လာကြ၏။
သတင်းဖတ်ချင်၍ လိုင်းပေါ်တက်လျှင် အမြဲတမ်းလိုင်းပေါ်တက်နေသည်ဟု
အပြောခံရတတ်၏။ ဖုန်းခေါ်လိုက်၍ မအားလျှင် လိုင်းကြောင်နေသည်ဟု အထင်မှားတတ်၏။
ထိုအခါ ရဟန်းငယ်များသည် ဆရာမကြီးများကို ကြောက်ရသောကြောင့်
လိုင်းသုံးချင်လျက်နှင့် လွတ်လွတ်လပ်လပ် သုံးခွင့်မရဘဲ ခိုးကြောင်ခိုးဝှက် အသုံးပြုနေကြရ၏။
ထိုရဟန်းများနေရာတွင် ကျွန်ုပ်သာဆိုလျှင် စိတ်မထိန်းနိုင်သော
အချိန်တွင် အရွဲ့တိုက်မိကောင်း တိုက်မိပေလိမ့်မည်။
ထိုကဲ့သို့သော ဆရာမကြီးများကိုတွေ့လျှင် ကုန်းဘောင်ခေတ်က
တန်ခိုးထက်လှပါသည်ဆိုသော မိဖုရားစုဖုရားလတ်နှင့် အရွဲ့တိုက်သော ရဟန်းတစ်ပါးကို ပြေးမြင်မိသည်။
ကုန်းဘောင်ခေတ်၏ နောက်ဆုံးမိဖုရားဖြစ်သော စုဖုရားလတ်သည် သူမ၏ချစ်လင်
သီပေါဘုရင်အား အနိုင်ယူ ဆရာလုပ်ရုံသာမက တစ်ခါတစ်ရံ၌ ဘုန်းကြီးကျောင်း၌ ပရိယတ္တိစာပေများကို
သင်ကြားနေသော ရဟန်းငယ်များကိုပင် ဆရာမကြီးလုပ်၍ ဆူပူတတ်လေသည်။
တစ်နေ့သောအခါ ရဟန်းငယ်တစ်ပါးသည် စာဝါနားချိန်၌ ပြဲနေသောသင်္ကန်းကို
ချုပ်နေစဉ် ဆွမ်းလှူဒါန်းရန် ရောက်လာသော မိဖုရားနှင့် တွေ့လေသည်။ ထိုအခါ မိဖုရားကြီးမှ
သူမ၏ထုံးစံအတိုင်း
“အရှင်ဘုရားတို့များ စာတော့မကျက်ဘူး။ သင်္ကန်းချုပ်နေတာနဲ့ပဲ
အချိန်ကုန်နေပြီ” ဟူ၍ ဆူသွားလေသည်။
ထိုကဲ့သို့ အပြောခံရပေါင်းများလာသောအခါ စိတ်မရှည်သော ရဟန်းတစ်ပါးသည်
ဆရာတော်ဘုရားအား ဖူးမြော်ရန်လာသော မိဖုရားကိုမြင်သောအခါ သင်္ကန်းဟောင်းကိုဝတ်ပြီး ဒူးနှစ်လုံးကို
အပေါ်ထောင် ပက်လက်လှန်လျက် အောက်စကိုလွှတ်ကာ ပုရပိုက်ကြီးနှင့် မျက်နှာကိုကွယ်ပြီး စာကိုသာ
အော်ကျက်နေသည်။
မိဖုရားလည်း အသံတစာစာနှင့် စာအံသံကိုကြားသောအခါ ဖူးမြော်လိုသောဆန္ဒဖြင့်
ရဟန်းငယ်ရှိရာသို့ သွားလေသော် ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့် “ဟင်”ဟုဆိုကာ
နန်းတော်သို့ တစ်ချိုးတည်း ပြန်သွားလေတော့သည်။
နန်းတော်သို့ ပြန်ရောက်သောအခါ အသင့်ချုပ်ထားသော သင်္ကန်းငါးစုံကိုယူပြီး
ဒိုင်းတော်သားတစ်ယောက်ကို ခေါ်၍ စာအံနေသော ရဟန်းငယ်အား လှူခိုင်းလိုက်ပြီး အမှာစကားပါးလိုက်လေသည်။
“စာကျက်တော့လည်း ကျက်ပေါ့၊ ကိုယ့်ဖွားဖက်တော်ကိုလည်း လုံခြုံအောင်
သေသေချာချာ ဖုံးဖိပြီး နေတော်မူပါဘုရား” ဟူသတည်း။
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment