Tuesday, March 21, 2017

ဝေးဝေးကလွမ်း

လွမ်းမျက်ရည် ဝေဒနာပေးချင်လို့
ပန်းသက်သေ ခြေရာကလေးတွေနဲ့
သွေခွာပြေးပုန်းသူ ခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ် ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိတယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အ၀ိဇ္ဇာလွှမ်း။

ပူပူသရွေ့ကိုတော့
သူ … သူတွေ့ကာ ဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာ ကျွမ်းမြေ့ဆွေး
ဝေး … ဝေး … က လွမ်း။

မောင်စိန်ဝင်း (ပုတီးကုန်း)

Friday, March 10, 2017

ရုံးပိတ်ရက်

ခွင့်ပေးတဲ့သင်္ကြန်စာ
ထုတ်ပြန်ကာသူတို့ပေး။

အရေးရယ်တကယ်တတ်တော့
စာဖတ်သူလူအပေါင်းမှာ
ခေါင်းကုတ်ရသေး။


ကိုပေါက်ခေါင်း

Wednesday, March 8, 2017

နှလုံးလှတဲ့ ချစ်နှမ

မနောဖြူ
တောသူလိုအသွင်မျိုးနဲ့
စနိုးခေါ်နှမထွေးမှာ
လေးစားဖို့ကောင်း။

စကားရယ်ချို
အဖွားကိုသူခင်တွယ်လို့
ကူညီမယ်သဘောထားနဲ့
အားသွန်ကာပြေးထလို့ကွယ်
ဖေးမပေတောင်း။


ကိုပေါက်ခေါင်း

Monday, March 6, 2017

လတပေါင်း

လနွေတပေါင်း
ရက်တွေညောင်း၍
နှစ်ဟောင်းမှလည်း
ပြောင်းတော့မည်။

ရိုးတံကျဲကျဲ
နေပူထဲတွင်
ကျောထဲလှိုက်ဆူ
ပူတော့မည်။

ဥသြငယ်ပျို
လွမ်းတေးဆို၍
သံချိုနှောကာ
မျောတော့မည်။

ရွက်ဟောင်းတို့ကြွေ
ရွက်သစ်ဝေ၍
တို့ပြေတ၀ှမ်း
လန်းတော့မည်။


ကိုပေါက်ခေါင်း

Sunday, March 5, 2017

နွေ - ရတု

ရော်ဝါရွက်ကြွေ၊ နုသစ်ဝေဆာ
ခါနွေကာလ၊ သမယတွင်
ကြွေကျပင်အောက်၊ သစ်ရွက်ခြောက်သည်
တောင်မြောက်ဘယ်ညာ၊ ပျံဝဲကာနှင့်
လေမှာဝံ့ကြွား၊ သူပျော်ပါး၍
ကစားပုံမှာ၊ ကကျိုးဖြာသည့်
ကညာပျိုလား၊ မကွာခြားသည်
တောသားရင်တွင် လွင့်သောကြောင့်။

မျှော်ကာလျက်နေ၊ ရက်ထွေထွေမှာ
တွေဝေငေးမော၊ အဆွေးကြောဝယ်
လွင့်မျောနေခိုက်၊ လေပြင်းတိုက်၍
ကြည့်လိုက်သောခါ၊ တေးသံသာကို
သီကာဟစ်ကြွေး၊ ငှက်ငယ်လေးမှာ
မဝေးကွာသူ၊ ငါ့လိုလူနှင့်
ညီတူခံစား၊ သောကပွားသည်
ရောထားလျှင်ပင် တင့်သောကြောင့်။


ပေါ်လာရက်တွေ၊ မျက်ဝန်းဆွေမှာ
ရီဝေရွှင်ပြုံး၊ ပီတိဖုံး၍
အဆုံးမရှိ၊ ဝမ်းသာမိပေ
နွေ၏အလှ၊ နွေဘဝနှင့်
ချိုမြသံနှော၊ နွေဥသြကို
မက်မောတသ၊ သတိရ၍
ရင်မှစကား၊ စာရေးသားသည်
ကျောသားပြင်တွင် နင့်သောကြောင့်။


ကိုပေါက်ခေါင်း

Friday, March 3, 2017

အမေ့အသက် အနှစ်သုံးဆယ်

အော် တို့တတွေကို မွေးဖွားပေးခဲ့တဲ့ 
မိခင်တက္ကသိုလ်ကြီးတောင် 
အနှစ်သုံးဆယ်ပြည့်လို့ ပုလဲရတုကိုတောင် ရောက်ခဲ့ပါပေါ့လား

အမေ မွေးထုတ်ပေးလိုက်လို့ 
အရွယ်ရောက်တဲ့ သားတွေလည်း 
အများကြီး ဖြစ်နေပါပြီ

သာသနာအတွက် အားကိုးရမယ့် 
သားကောင်းအာဇာနည်တွေကို 
ဆက်လက်မွေးထုတ်ပေးဖို့ 
အမေ့မှာ အားအင်တွေ အပြည့်ရှိနေဆဲပါပဲ

အခု အမေ့အသက် အနှစ် (၃၀) ပြည့်မှာ 
အမေ့ရင်ခွင်ကို ပြန်လည်ခိုဝင်လာတဲ့ 
အမေ့သားတွေနဲ့အတူ အမေလည်း ပျော်နေရောပေါ့

အဝေးကိုရောက်နေတဲ့ အမေ့သားတွေ 
အမေ့ဆီကို ပြန်လာကြသလို 
အမေ့သားတစ်ယောက်ဖြစ်တဲ့ ကျွန်ုပ်တစ်ယောက်လည်း 
အမေ့ရင်ခွင်ကို ပြန်လာချင်တာပေါ့

ဒါပေမယ့် အမေရယ် …

ကံကြမ္မာက မျက်နှာသာ မပေးလေတော့ 
အမေ့အရိပ်မှာ ပျော်မွေ့နေတဲ့ တခြားညီအစ်ကိုတွေကို 
အဝေးကနေကြည့်ပြီး 
မျက်ရည်တွေနဲ့ သားငေးနေခဲ့မိပါတယ် အမေ

ကံကြမ္မာအခြေအနေမပေး 
အဝေးကို ရောက်နေလို့ 
အမေ့ဆီကို ပြန်မလာနိုင်တာ ခွင့်လွှတ်ပါ အမေ

အမေ့ရင်ခွင်မှာ ခိုလှုံစဉ်အခါတုန်းက 
တခါတလေ ဘ၀င်မကျတဲ့အခါ 
အမေ့ကို အပြစ်တင်ခဲ့ဖူးတယ်

ကြီးမားလှတဲ့ အမေ့ကျေးဇူးတွေကို 
အမေနဲ့ဝေးလို့ အဝေးကိုရောက်မှ ပိုသိခဲ့ရတယ်

နွေးထွေးလှတဲ့ အမေ့ရင်ငွေ့ကို 
အမေနဲ့ဝေးမှ ပိုပြီးတမ်းတခဲ့မိတယ်

ကြင်နာလှတဲ့ အမေ့ရဲ့ အထွေးအပွေ့တွေကို 
အမေနဲ့ဝေးမှ ပိုပြီးလွမ်းဆွတ်လာမိတယ်

ဘာပဲဖြစ်ဖြစ် အမေ့အပေါ်မှာ တာဝန်မကျေခဲ့တဲ့ 
အမေ့ရဲ့သားမိုက်တစ်ယောက်ကို 
ခွင့်လွှတ်ပါ အမေ


အမေ့ရဲ့ အနှစ် (၃၀) ပြည့် မွေးနေ့မှာတောင် 
အမေ့ရင်ခွင်အရောက် မလာရောက်နိုင်ခဲ့တဲ့
အမေ့ကိုချစ်တဲ့ သား

အရှင်ဝိမလ (ပေါက်ခေါင်း)

ပုလဲရတုနဲ့ ဇင်ဝေသော်

တခါတရံ၌ စိတ်ထဲမှာ ထင်ထားတာနဲ့ လက်တွေ့ဖြစ်လာတာတွေက တလွဲတချော်တွေ ဖြစ်တတ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရတနာရာမကျောင်းကိုရောက်တော့ စင်္ကာပူနိုင်ငံက ၀န်ကြီးချုပ် လီကွမ်ယု အကြောင်းကို ဖတ်ချင်တယ်လို့ ဦးဇာကြီးကို ပူဆာတော့ သူ့အခန်းထဲမှာ သေချာသိမ်းထားတဲ့ ဇင်ဝေသော်ရေးထားတဲ့ လီကွမ်ယု - နားဝင်မချိုတဲ့ အမှန်တရားများဆိုတဲ့ စာအုပ်ကို ထုတ်ပေးပါတယ်။

စာအရေးအသားကလည်းကောင်း လီကွမ်ယုအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာကြောင့် အဲဒီစာအုပ်ကို ဖတ်ရတာ အရသာရှိလွန်းလှပါတယ်။

စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသွားတော့ လီကွမ်ယုအကြောင်းကို တော်တော်များများ သိခွင့်ရလိုက်ပါတယ်။ ဒါပေမယ့် သိခွင့်မရလိုက်တာက စာရေးဆရာ ဇင်ဝေသော်အကြောင်းကိုပါပဲ။

အဲဒီစာရေးဆရာနာမည်ကို အရင်ကတည်းက မကြားဖူခဲ့တာလည်း ပါတာပေါ့။ စာအုပ်က အရမ်းဖတ်လို့ကောင်းတော့ စာရေးဆရာက ဘယ်သူဆိုတာ မသိခဲ့ပေမယ့် ဇင်ဝေသော်ဆိုတဲ့ နာမည်ကိုတော့ မှတ်မိနေပါတယ်။

အဲဒီမှာ စိတ်ထဲကနေ ဇင်ဝေသော်ဆိုတဲ့ စာရေးဆရာအကြောင်းကို နည်းနည်းတွေးကြည့်လိုက်တယ်။ ပထမဆုံးတွေးမိလိုက်တာက ဇင်ဝေသော်ဆိုတာ စာရေးဆရာ လူတစ်ယောက်ပဲလို့ မှတ်ချက်ချလိုက်တယ်။

ဒုတိယထပ်တွေးမိတာက ဇင်ဝေသော်ဆိုတဲ့ ဒီစာရေးဆရာဟာ ဒီလောကမှာ မရှိလောက်တော့ဘူးလို့လည်း တွေးမိသေးတယ်။ ဘာပြုလို့လည်းဆိုတော့ ဒီစာရေးဆရာက ဒီစာအုပ်တစ်အုပ်ထဲရေးပြီး လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားပြီလို့ ထင်မိတာကြောင့်ပါပဲ။

အဲဒီလို ကျုပ်ထင်ထားတာတွေဟာ မှားနေတယ်ဆိုတာကို အလင်းပြလိုက်တာကတော့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ရဲ့ နှစ်သုံးဆယ်ပြည့် ပုလဲရတုပွဲတော်ကြီးပါပဲ။

အဲဒီအခါကျမှ

အော်.. ဇင်ဝေသော်ဆိုတာ …

အရပ်ရှည်ရှည်နဲ့ ရဟန်းစာရေးဆရာတစ်ပါးပါလား …

အခုထက်ထိ အသက်ထင်ရှားရှိနေတုန်းပါပဲလား …

နပသက ငါတို့နောင်တော်ကြီးတစ်ပါးပါလား …

ဆိုတာကို ထင်ထင်ရှားရှားကြီး သိလိုက်ရပါတော့တယ်။


အရင်တုန်းက မသိခဲ့ဖူးတဲ့ နောင်တော်ကြီးတွေကို သိခွင့်ရခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ပုလဲရတုရေ …..

အရှင်ဝိမလ (ပေါက်ခေါင်း)

ချင်းပြည်နယ်မှ အောက်ချင်းလေးများ

ခုအချိန်မှာ ၂၀၁၇ ခုနှစ်ရဲ့ အမှတ်တရတွေကို ပြောပါဆိုရင် အချိန်တွေအကြာကြီး ဝေးကွာပျောက်ဆုံးနေခဲ့တဲ့ ချင်းပြည်နယ်က အောက်ချင်းငှက်တွေကို ပြန်တွေ့ခြင်းလို့ပဲ ပြောရမယ်ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုရက်ပိုင်းအတွင်း ချင်းတောင်တန်းမှာ နေခဲ့တုန်းက အရမ်းအားကိုးရပြီး အရမ်းလည်းခင်မင်ရင်းနှီးခဲ့တဲ့ ချင်းတောင်တန်းက ကျောင်းသားတွေနဲ့ ဖေ့ဘုတ်ကြီးရဲ့ ကျေးဇူးကြောင့် ပြန်တွေ့ကြတယ်။

တောင်တန်းဒေသမှာ ကျုပ်တာဝန်ကျတာက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက လူအများက ရွှေတောင်လို့ ခေါ်နေကြတဲ့ မောက်ချောင်းဝကျေးရွာပါ။

ရွာအရှေ့ဘက်မှာရှိတဲ့ တောင်ကြီးတစ်တောင်က ညနေပိုင်းဆိုရင် ရွှေရောင်တွေတောက်နေတာကို အစွဲပြုပြီး ရွာနာမည်ကိုလည်း ရွှေတောင်လို့ ခေါ်ခဲ့ကြပါသတဲ့။

ရွာနာမည်ကသာ ရွှေတောင် ရွာမှာနေတဲ့လူတွေက ဖွတ်ထက်တောင် မွဲနေသေးတယ်။ အဲဒီရွာမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူအင်အားက အရမ်းနည်းတာကြောင့် သာသနာပြု ၂ နှစ်တာကာလမှာ ကိုယ့်ရွာမှာနေခဲ့ရတဲ့အချိန်က ၆ လတောင် ပြည့်လိမ့်မယ်မထင်ပါဘူး။

ကိုယ်တာဝန်ကျတဲ့ရွာက အဆင်မပြေတော့ အနီးအနားက ဗုဒ္ဓဂါမ၊ သီရိဂါမ၊ မောင်ရွာ၊ သံထောင်၊ ဖားစင်ဆိုတဲ့ ရွာတွေမှာ တာဝန်ကျနေတဲ့ သူငယ်ချင်းတွေရဲ့ ကျောင်းတွေမှာ တစ်လှည့်စီ အဆင်ပြေသလို လိုက်နေရင်းနဲ့ သာသနာပြု ၂ နှစ်တာကာလ ကုန်ဆုံးသွားခဲ့တာပါပဲ။

အဲဒီတုန်းက တောင်တန်းဒေသမှာ အရမ်းရင်းနှီးနဲ့ သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရသလို အရမ်းအားကိုရပြီး စိတ်သဘောထား ရိုးသားကြတဲ့ ချင်းတိုင်းရင်းသား ကျောင်းသားတွေနဲ့လည်း ဆုံခဲ့ရပါတယ်။

မောင်ရွာမှာဆိုရင် ဖြူလှ၊ ဖိုးကုလားနဲ့ ကျောင်းသားကြီးတို့က ကျုပ်ရဲ့ မရှိမဖြစ်တဲ့ ရဲဘော်ကြီးတွေပေါ့။ ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာပဲလုပ်လုပ် ဒီကောင်ကြီးတွေ မပါလို့ မပြီးဘူး။ မရှိအတူ ရှိလည်းအတူဆိုတဲ့ ငတ်ဖော်ငတ်ဖက်ကြီးတွေဆိုရင်လည်း မှားမယ်မထင်ပါဘူး။

သီရိဂါမမှာဆိုရင် မောင်လှတို့ သိန်းမောင်တို့ဆိုတာလည်း အရမ်းအားကိုးရတဲ့ ရဲဘော်ကြီးတွေပဲ။ ဘုန်းကြီးက လိုအပ်တာမှန်သမျှ ဒီကောင်ကြီးတွေကို ပြောလိုက်ရင် အားလုံးမီးငြိမ်းတယ်။ သူတို့ရွာကိုရောက်လာတဲ့ ဆရာတော်တွေ ပျင်းမှာစိုးလို့ အဆက်အသွယ်အရမ်းဝေးတဲ့ တောတောင်တွေကြားထဲက ဘောလုံးကွင်းကြီးထဲမှာ ဗီဒီယိုပြပြီး အပျင်းပြေစေခဲ့သူတွေပါပဲ။

သံထောင်မှာဆိုရင်တော့ မြင့်ထွန်း၊ ကျော်မိုးယံနဲ့ ဇော်မြင့်ဌေးတို့က တောင်တန်းသာသနာပြု ဆရာတော်တွေရဲ့ အားအကိုးရဆုံး ကပ္ပိယကြီးတွေပေါ့။ အိမ်မှာစားစရာမရှိရင်နေပါစေ ကျောင်းကဆရာတော်တော့ ဘယ်တော့မှ ဆွမ်းမငတ်စေရဘူးဆိုတဲ့ စိတ်ဓာတ်ရှိတဲ့လူမျိုးတွေပါ။

ဗုဒ္ဓဂါမမှာဆိုရင် အားနိုးနဲ့ ကံလုံးတို့က ကျုပ်ရဲ့အားကိုးရတဲ့ ဘယ်လက်ရုံး ညာလက်ရုံးကြီးတွေပါပဲ။ ဗုဒ္ဓဂါမကိုရောက်ရင် ဒီကောင်နှစ်ယောက်ရှိမှ အဆင်ပြေတယ်။ သူတို့မရှိရင် ဆွမ်းတစ်နပ်စားဖို့အရေး သိပ်မလွယ်ဘူး။

အဲဒီကျောင်းသားတွေနဲ့ ခရီးပေါင်းများစွာကို အတူတူသွားခဲ့ဖူးသလို ဒီကောင်တွေနဲ့ပဲ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒီကောင်တွေနဲ့ပဲ တောင်တန်းမြေမှာ တစ်ခါမှမတွေ့ခဲ့ဘူးတဲ့ ဗဟုသုတတွေကိုလည်း ရခဲ့ပါတယ်။

အဲဒီကျောင်းသားတွေနဲ့အတူ မြင့်မားလွန်းတဲ့ ချင်းပြည်နယ်က တောင်ကုန်းတောင်တန်းများစွာကို ဖြတ်ကျော်ခဲ့ဖူးတယ်။ ရေစီးအရမ်းကြမ်းတဲ့ လေးမြို့မြစ်ကြောတစ်လျောက်ကို လှေတစ်စီးနဲ့ အကြိမ်ပေါင်းများစွာ အစုန်အဆန် အပြန်ပြန်အလှန်လှန် သွားလာခဲ့ဖူးတယ်။

မြေပြန့်ကလူတွေအတွက် စိတ်ကူးထဲမှာပင် ထည့်မစဉ်းစားဖူးတဲ့ ချောင်းကမ်းဘေးက အမိုးအကာမရှိတဲ့ ကျောက်စရစ်ပြင်ပေါ်မှာ ကျောက်တုံးကို ခေါင်းအုံးလုပ်ပြီး ဒီကျောင်းသားတွေနဲ့ အကြိမ်များစွာ အိပ်ခဲ့ဖူးတယ်။

အခုတော့ ကံကြမ္မာရေစက်က မကုန်သေးတော့ တို့တတွေ ပြန်တွေ့ရပြန်လေပြီ။ ဖေ့ဘုတ်ဆိုတဲ့ ကွန်ယက်ကြီးပေါ်မှာ မင်းတို့နဲ့ ပြန်တွေ့ပြီး လက်တွေ့ဘ၀မှာလည်း တို့တွေပြန်ဆုံချင်ပါသေးတယ်။

ဒီတစ်ခေါက် တို့တွေပြန်ဆုံကြရင် အရင်လို ပျော်ပျော်ပါးပါးနဲ့ အစစအရာရာ ရှားပါးလွန်းတဲ့ မင်းတို့အောက်ချင်းမြေမှာ ဘာသာ၊သာသနာ အလင်းရောင်တွေ ထွန်လင်းလာအောင် တစ်ကျော့ပြန်ပြီး ထွန်းညှိနိုင်ပါစေဟု ဆုတောင်းလျက် . . . . .။

တစ်ချိန်တုန်းက ကိုရွှေလို့ မင်းတို့အမြတ်တနိုးခေါ်ခဲ့ကြတဲ့

အခု ကိုပေါက်ခေါင်း

နှစ်သစ်ကူး

အချိန်ကာလသည် တဖြည်းဖြည်း ရွေ့လျားနေ၏။ အခုဆိုလျှင် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်သို့ ရောက်ရှိလာခဲ့ပေပြီ။

ခုနှစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲသောအချိန်ကာလကို နှစ်သစ်ကူးကာလဟု လူတို့သတ်မှတ်ခေါ်ဝေါ်ကြ၏။ ထိုနှစ်သစ်ကူးကာလသည် လူမျိုးတိုင်း၊ ဘာသာတိုင်း၊ တိုင်းပြည်တိုင်းတွင် ရှိတတ်ကြ၏။ လူမျိုး၊ဘာသာ နေရာဒေသများ ကွဲပြားသကဲ့သို့ နှစ်သစ်ကူးကာလကို ကြိုဆိုကြပုံခြင်းလည်း ခြားနားကြပေသည်။

ယခု ၂၀၁၆ မှ ၂၀၁၇ သို့ ပြောင်းလဲသော နှစ်ကူးကာလသည် ခရစ်နှစ်၏ ပြောင်းလဲခြင်း ဖြစ်၏။ ခရစ်နှစ်ဆိုသည်မှာ ခရစ်ယာန်ဘာသာဝင်တို့၏ ကိုးကွယ်အားထားရာ ယေရှုခရစ်တော် သေဆုံးပြီးနောက် စတင်ရေတွက်သောနှစ်ကို ဆိုလိုသည်။ ထို့ကြောင့် ခရစ်နှစ်ဟု ခေါ်ခြင်းဖြစ်၏။

ခရစ်နှစ်ကူးပြောင်းသောအခါ ပြုလုပ်သောပွဲသည် ခရစ်ယာန်ဘာသာဝင်တို့၏ ရိုးရာပွဲတော်တစ်ခု ဖြစ်၏။
ရှေးအခါ ဆက်သွယ်ရေး ခက်ခဲသောအချိန်တွင် နှစ်သစ်ကူးပွဲတော်များကို ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဘာသာလူမျိုးအလိုက်သာ သီးခြားစီ ဆင်နွှဲခဲ့ကြသည်။

ယခုခေတ် အချင်းချင်းကူးလူးဆက်သွယ်မှု မြန်ဆန်လာသောအချိန်တွင် လူမျိုး၊ဘာသာ ယဉ်းကျေးမှုများလည်း ရောနှောလာခဲ့ကြသည်။

အထူးသဖြင့် အားကောင်းသော ဘာသာ၊လူမျိုး ယဉ်ကျေးမှုတို့က အားနည်းသော ဘာသာ၊လူမျိုး ယဉ်ကျေးမှုများကို ဝါးမြိုလာခဲ့ကြသည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် အပျော်အပါးကို အလွန်မက်မောကြ၏။ သူများကလျှင် လိုက်ကချင်၏။ သူများဆိုလျှင် လိုက်ဆိုချင်၏။ သူများစားလျှင်လည်း လိုက်စားချင်ကြ၏။ သို့သော် သူများလုပ်သလိုကား လိုက်မလုပ်ချင်တတ်ကြ။

စင်စစ် ခရစ်နှစ်ကူးပြောင်းခြင်းနှင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့နှင့်ကား လားလားမျှမဆိုင်ဟု ဆိုရပေမည်။ သို့သော် ခေတ်ရေစီးကြောင်းပြောင်းလဲခြင်းအရ လိုက်လံပြောင်းလဲခဲ့ရသည်ကိုတော့ လက်ခံရပေမည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် မိမိတို့ဘာသာအလိုက် ဆယ်နှစ်ရာသီပွဲတော်များရှိရာတွင် ဆယ့်နှစ်ရာသီလုံး ပျော်ရွှင်ကြ၏။ တခြားဘာသာအလိုအရ ပွဲတော်များရှိလျှင်လည်း ဝင်ပြီးနွှဲလိုက်ကြသေး၏။

ကျွန်ုပ်တို့ မြန်မာလူမျိုးတို့၏ မကောင်းသောအကျင့်တစ်ခုကား ပွဲတစ်ခုခုရှိလျှင် အပျော်အပါးများ ပါတတ်ကြ၏။ ထိုအပျော်အပါး၏နောက်တွင် အသောက်အစားကလည်း ထပ်ချပ်မကွာ ကပ်လျက်ပါလာတတ်မြဲ ဖြစ်၏။ ထိုအသောက်အစားများကြောင့်ပင် ပျော်ရပါးရသည်ထက် ခိုက်ရန်ဖြစ်မှုများနှင့်သာ ရင်ဆိုင် ကြုံတွေ့နေရသည်က များလှပေသည်။

မြန်မာတို့ကား ခရစ်ပွဲရှိလျှင်လည်း အော်လိုက်ကြ၏။ အစ်ပွဲရှိလျှင်လည်း တက်လိုက်ကြ၏။ တရုတ်တွေ နှစ်သစ်ကူးလျှင်လည်း မြူးလိုက်ပြန်၏။ ကြာလာတော့ ကျုပ်တို့မြန်မာများမှာ အပျော်အပါးများနှင့်သာ အချိန်ကုန်၍ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသော အရေးပေါင်းများစွာတို့တွင် လုံးပါးပါးလာခဲ့ရပေပြီ။

ခရစ်နှစ်ကူးပြောင်းသော ခရစ်ယာန်တို့၏ နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများ၌ ကျင်းပကြ၏။ ခရစ်ဘာသာ ကိုးကွယ်သော နိုင်ငံများတွင်သာမက အခြားဘာသာများဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ ကိုးကွယ်သော နိုင်ငံများတွင်ပါ ပြုလုပ်လာနေကြပြီ ဖြစ်သည်။


ထို့ကြောင့် ခေတ်ရေစီးကြောင်းထဲမှာ လိုက်ပါစီးမျောနေကြသော ခေတ်လူငယ်များအနေဖြင့် ခေတ်ကိုလည်း မျက်ခြေမပြတ်စေဘဲ မိမိတို့၏ လုပ်ငန်းတာဝန်များကိုလည်း မလစ်ဟင်းကြစေဘဲ ရေစီးကြောင်းထဲမှာ ဆက်လက်စီးမျောကြလျှင်ဖြင့် မိမိအတွက်လည်း အကျိုးရှိ၊ တခြားသူများအတွက်လည်း အကျိုးရှိမည် ဖြစ်ပါကြောင်း။

အရှင်ဝိမလ (ပေါက်ခေါင်း)

အထင်ကရ သင်္ကေတများနဲ့ ကျွန်တော်တို့ရွာ

ရာသီတွေ အလီလီပြောင်းလို့ လတပေါင်းကိုပင် ရောက်ပေတော့မည်။ ဒီအချိန်ဆိုလျှင် ရွာအနောက်က လက်ပံပင်ကြီးပင် ပွင့်နေပေတော့မည်။ ရွာဦးကျောင်းက ကံကော်ပင်ကြီးလည်း ဖူးတံလေးများ တဝင့်ဝင့်နှင့်  လောကကြီးကို အလှဆင်ဖို့ အားယူနေပေတော့မည်။

ကျွန်ုပ်တို့ရွာ၏ အဝင်၌ ကြီးမားသောပင်စည် ဝေဆာနေသော အခက်အလက် အပွင့်အရွက်များနှင့်  စည်ကားနေသော လက်ပံပင်ကြီးတစ်ပင် ရှိ၏။ ဆောင်းအကုန် နွေအပြောင်း တပို့တွဲ တပေါင်းကို ရောက်လျှင် ထိုလက်ပံပင်ကြီးမှ လက်ပံပွင့်များ လှိုင်လှိုင်ဖူးပွင့်လေ့ရှိသည်။

လက်ပံပင်ကြီးက ကြီးမားခိုင်ခံ့သကဲ့သို့ သူ၏ အပွင့်များမှာလည်း ဖွံ့ထွားလှပကြ၏။ လက်ပံပွင့်ချိန်ရောက်လျှင် လက်ပံပင်ကြီးအောက်၌ ကလေးငယ်များနှင့် စည်ကားနေတတ်၏။ လေတစ်ချက် ဝှေ့လိုက်တိုင်း ကြွေကျလာသော လက်ပံပွင့်များကို သူ့ထက်ငါ အရင်ဦးအောင် အလုအယက် ကောက်ယူနေကြသည့် မြင်ကွင်းမှာ ကြည်နူးစရာကောင်းလှ၏။
ရံဖန်ရံခါဆိုလျှင် လက်ပံပွင့်ကောက်နေသော ကလေးများနှင့် လက်ပံပွင့်စားချင်သော နွားကလေးများ အပြိုင်အဆိုင် လက်ပံပွင့်များကို လုယက်နေကြသည်မှာလည်း ပျော်ရွှင်စရာ အကောင်းဆုံးသော မြင်ကွင်းတစ်ခု ဖြစ်၏။

ယခုကဲ့သို့ တပို့တွဲနှောင်း၍ တပေါင်းလသို့ မရောက်တတ်သေးသော စပ်ကူးမတ်ကူး အချိန်ကာလတွင် ရွာအနောက်ဘက်ခြမ်းရှိ လက်ပံပင်ကြီးတွင် လက်ပံပွင့်များဖြင့် စည်ကားနေသည်ကို အားကျသည့်အလား ရွာဦးကျောင်းရှိ ကံ့ကော်ပင်ကြီးမှ ကံ့ကော်ဖူးလေးများသည် လောကကြီးကို အလှဆင်ရန်အတွက် ခေါင်းတထောင်ထောင် လည်တမော့မော့နှင့် အားယူလျက် ရှိနေ၏။

ထိုကံ့ကော်ပင်ကြီးသည် ကျွန်ုပ်တို့၏ အဖိုးအဖွားများ လက်ထက်ကပင် တည်ရှိခဲ့ပြီး အရွယ်အိုမင်းနေပြီဖြစ်သော သက်ရှည်ပင်ကြီး ဖြစ်၏။ ရွာသူရွာသားများ ကိုးကွယ်အားထားရာ စေတီတော်၏ မလှမ်းမကမ်းတွင် တည်ရှိသောကြောင့် ဘုရားဖူးလာသူများ အေးမြသော ကံ့ကော်ရိပ်တွင် နားခိုနိုင်ရန်နှင့် ကံ့ကော်ပန်းများကို ဘုရားရှင်အား လှူဒါန်းနိုင်ရန် ရှေးလူကြီးများ ရည်စူး၍ စိုက်ပျိုးခဲ့ခြင်း ဖြစ်ဟန်တူ၏။

ပန်းပွင့်ချိန်ရောက်လျှင် ဖွေးဖွေးဖြူနေသော ရွာဦးစေတီနှင့် ဖွေးဖွေးလှုပ်နေသော ကံ့ကော်ပင်တို့ကို ကြည့်ရသည်မှာ ကြည့်ရှု၍ မဝနိုင်အောင်ပင် ကြည်နူးစရာ ကောင်းလှ၏။ ရွာဦးစေတီနှင့် ကံ့ကော်ပင်ကြီးမှာ ကြာမျိုးစုံတို့ဖြင့် ပြည့်နှက်နေသော ရေကန်ကြီးကဲ့သို့ လွန်စွာတင့်တယ်၍ ပနာရလှပေသည်။ ပန်းပွင့်ချိန်ရောက်လျှင် ကံ့ကော်ပန်းပွင့်များသည် စေတီတော်ရှိရာသို့ မျက်နှာမူလျက် ရှိနေသည်မှာ ဘုရားရှင်အား ညွတ်တွားပူဇော်နေသကဲ့သို့ပင် ဖြစ်၏။

ယခုအချိန်ဆိုလျှင် တောသူတောင်သားတို့၏ ထုံးစံအတိုင်း ကျွန်ုပ်တို့ ရွာသူရွာသားများသည် မိုးမလင်းခင်ကပင် လုပ်ငန်းခွင်သို့ ဝင်ကြရ၏။ တောင်ယာခုတ်ရန် သွားကြရ၏။ ဝါးခုတ်ရန်အတွက် ထွက်ကြရ၏။ ထင်းခွေဖို့ရန် ပြင်ဆင်ရ၏။

မိုးမလင်းသေးမီ ဝေလီဝေလင်း အချိန်တွင် ရွာဦးကျောင်းရှိ ကံ့ကော်ပင်ကြီးမှ မွှေးကြိုင်လန်းဆန်းသော ကံ့ကော်ပန်းရနံ့များသည် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် လှုပ်ရှားနေကြသော ရွာသူရွာသားများအား အားသစ်အင်သစ်များကို သွန်းလောင်းပေးသကဲ့သို့ ရှိနေပေသည်။

အဝေးအရပ်မှ လာသောသူများသည် ရွာအဝင်မှ လက်ပံကြီးကို လှမ်းမြင်လိုက်သည်နှင့် ကျွန်ုပ်တို့ရွာ ရောက်ပြီကို အလွယ်တကူ သိနိုင်သကဲ့သို့ လေထဲတွင် ဝဲပျံလာသော ကံ့ကော်ပန်း ရနံ့များကို ရှူရှိုက်မိလျှင်လည်း ကျွန်ုပ်တို့ရွာကို ရောက်နေပြီဖြစ်ကြောင်း မပြောဘဲနှင့် သိနိုင်ကြသည်။

ထိုသို့ဆိုလျှင် ရွာဦးကျောင်းမှ ကံ့ကော်ပင်ကြီးနှင့် ရွာအဝင်မှ လက်ပံပင်ကြီးတို့သည် ကျွန်ုပ်တို့ရွာ၏ အထင်ကရ အမှတ်သင်္ကေတများပင် ဖြစ်ပေတော့သည်။

မုတ်သုန်လေရူး၊သွင်သွင်မြူးသည့်
နွေဦးကာလ၊ သမယတွင်
ရွာအဝင်မှ၊ ဖုန်ထသောလမ်း
အသွင်ဆန်းကို၊ တမ်းတမိသည်
မွေးဌာနီ။

ရွာ၏အလယ်၊ လွန်တင့်တယ်၍
ဝင့်ထည်လှစွာ၊ ကျောင်းဝိဟာနှင့်
မကွာအမြဲ၊ တူယှဉ်တွဲသည့်
လက်တွဲအဖော်၊ ပင်ကံ့ကော်သည်
ဖူးမြော်သည့်လား၊ စေတီဘုရားကို
ညွတ်တွားနေသည်၊
မွေးမြေဆီ။

ရွာ၏နောက်ဘက်၊ တောင်ကုန်းထက်ရှိ
ခက်လက်စုံလင်၊ လက်ပံပင်မှ
မြည်သံဟစ်ကြွေး၊ ကျေးငှက်တေးကို
နွေးထွေးသာယာ၊ တေးသံသာသွင်
စိတ်မှာထင်၍၊ မြင်ယောင်မိပေ
မွေးရပ်မြေ။

မွေးရပ်မြေမှ၊ မိတ်ဆွေပေါင်းသင်း
သူငယ်ချင်းနှင့်၊ ရောင်းရင်းများစွာ
မျိုးသဟာကို၊ ရင်မှာပေါက်ဖွား
လွမ်းစိတ်များဖြင့်၊ မခြားနေ့ည
သတိရ၍၊
တမ်းတလို့သာ၊ မျှော်မိသည်။
မှန်းဆလို့သာ၊ ခေါ်မိသည်။

အရှင်ဝိမလ (ပေါက်ခေါင်း)

စုဖုရားလတ်နှင့် အရွဲ့တိုက်သောရဟန်း

ယနေ့ခေတ်တွင် စာတတ်ပေတတ် ရဟန်းငယ်များအား ရဟန်းခံ၊သိက္ခာထပ်ပေးချင်သော ဒကာ၊ဒကာမများကား ပေါများလှ၏။ ရဟန်းခံပေးပြီးလျှင်လည်း မိမိ၏ သားအရင်းအချာတစ်ယောက်ကဲ့သို့ ချစ်ခင်၍ ဂရုတစိုက် ရှိတတ်ကြ၏။

တချို့ဒကာမများဆိုလျှင် ဂရုစိုက်သည်ထက်ပင် ပို၍ဂရုစိုက်တတ်ကြ၏။ ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့၊ ဟိုလူနဲ့ စကားမပြောနဲ့၊ ဒီလူနဲ့ စကားမပြောနဲ့၊ ဟိုအကြောင်း မရေးနဲ့၊ ဒီအကြောင်း မရေးနဲ့ဟူ၍ ချုပ်ချယ်လာကြ၏။

သတင်းဖတ်ချင်၍ လိုင်းပေါ်တက်လျှင် အမြဲတမ်းလိုင်းပေါ်တက်နေသည်ဟု အပြောခံရတတ်၏။ ဖုန်းခေါ်လိုက်၍ မအားလျှင် လိုင်းကြောင်နေသည်ဟု အထင်မှားတတ်၏။

ထိုအခါ ရဟန်းငယ်များသည် ဆရာမကြီးများကို ကြောက်ရသောကြောင့် လိုင်းသုံးချင်လျက်နှင့် လွတ်လွတ်လပ်လပ် သုံးခွင့်မရဘဲ ခိုးကြောင်ခိုးဝှက် အသုံးပြုနေကြရ၏။

ထိုရဟန်းများနေရာတွင် ကျွန်ုပ်သာဆိုလျှင် စိတ်မထိန်းနိုင်သော အချိန်တွင် အရွဲ့တိုက်မိကောင်း တိုက်မိပေလိမ့်မည်။

ထိုကဲ့သို့သော ဆရာမကြီးများကိုတွေ့လျှင် ကုန်းဘောင်ခေတ်က တန်ခိုးထက်လှပါသည်ဆိုသော မိဖုရားစုဖုရားလတ်နှင့် အရွဲ့တိုက်သော ရဟန်းတစ်ပါးကို ပြေးမြင်မိသည်။

ကုန်းဘောင်ခေတ်၏ နောက်ဆုံးမိဖုရားဖြစ်သော စုဖုရားလတ်သည် သူမ၏ချစ်လင် သီပေါဘုရင်အား အနိုင်ယူ ဆရာလုပ်ရုံသာမက တစ်ခါတစ်ရံ၌ ဘုန်းကြီးကျောင်း၌ ပရိယတ္တိစာပေများကို သင်ကြားနေသော ရဟန်းငယ်များကိုပင် ဆရာမကြီးလုပ်၍ ဆူပူတတ်လေသည်။

တစ်နေ့သောအခါ ရဟန်းငယ်တစ်ပါးသည် စာဝါနားချိန်၌ ပြဲနေသောသင်္ကန်းကို ချုပ်နေစဉ် ဆွမ်းလှူဒါန်းရန် ရောက်လာသော မိဖုရားနှင့် တွေ့လေသည်။ ထိုအခါ မိဖုရားကြီးမှ သူမ၏ထုံးစံအတိုင်း

အရှင်ဘုရားတို့များ စာတော့မကျက်ဘူး။ သင်္ကန်းချုပ်နေတာနဲ့ပဲ အချိန်ကုန်နေပြီ ဟူ၍ ဆူသွားလေသည်။

ထိုကဲ့သို့ အပြောခံရပေါင်းများလာသောအခါ စိတ်မရှည်သော ရဟန်းတစ်ပါးသည် ဆရာတော်ဘုရားအား ဖူးမြော်ရန်လာသော မိဖုရားကိုမြင်သောအခါ သင်္ကန်းဟောင်းကိုဝတ်ပြီး ဒူးနှစ်လုံးကို အပေါ်ထောင် ပက်လက်လှန်လျက် အောက်စကိုလွှတ်ကာ ပုရပိုက်ကြီးနှင့် မျက်နှာကိုကွယ်ပြီး စာကိုသာ အော်ကျက်နေသည်။

မိဖုရားလည်း အသံတစာစာနှင့် စာအံသံကိုကြားသောအခါ ဖူးမြော်လိုသောဆန္ဒဖြင့် ရဟန်းငယ်ရှိရာသို့ သွားလေသော် ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့် “ဟင်ဟုဆိုကာ နန်းတော်သို့ တစ်ချိုးတည်း ပြန်သွားလေတော့သည်။

နန်းတော်သို့ ပြန်ရောက်သောအခါ အသင့်ချုပ်ထားသော သင်္ကန်းငါးစုံကိုယူပြီး ဒိုင်းတော်သားတစ်ယောက်ကို ခေါ်၍ စာအံနေသော ရဟန်းငယ်အား လှူခိုင်းလိုက်ပြီး အမှာစကားပါးလိုက်လေသည်။


စာကျက်တော့လည်း ကျက်ပေါ့၊ ကိုယ့်ဖွားဖက်တော်ကိုလည်း လုံခြုံအောင် သေသေချာချာ ဖုံးဖိပြီး နေတော်မူပါဘုရား ဟူသတည်း။

အရှင်ဝိမလ (ပေါက်ခေါင်း)

အမေ

သူများတကာတွေ အမေလို့ အော်ဟစ်မြည်တမ်းနေချိန်မှာ
ငါ့အတွက် ခေါ်စရာ အမေဆိုတာ
လောကထဲမှာ မရှိတော့ဘူး

 ငါငယ်စဉ် လူမှန်းမသိတတ်စ အရွယ်ကတည်းက
အမေက ငါ့ကမ္ဘာထဲကနေ
အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားတယ်

သူများတွေ အမေလို့ ခေါ်နေတာကိုမြင်ရင်
ငါလည်း မရှိတော့တဲ့အမေကို တမ်းတပြီး
အမေလို့ လိုက်ခေါ်နေမိတယ်

သူများတွေ အမေတွေနဲ့ ပျော်နေတာကိုမြင်ရင်
အမေ့ကို မှန်းဆရင်း
မျက်ရည်တွေကျနေမိတယ်

အမေ့ကို လွမ်းတယ်
အမေ့ကို သတိရတယ်

ခုအချိန်မှာ ငါ့ရဲ့ အလိုချင်ဆုံးအရာဟာ
ရွှေ မဟုတ်ဘူး
ငွေ မဟုတ်ဘူး
တိုက် မဟုတ်ဘူး
ကား မဟုတ်ဘူး
ဘယ်တော့မှ အစားထိုးပြီး ပြန်မရနိုင်တော့တဲ့
အမေပါပဲ

ကိုပေါက်ခေါင်း

မြောက်ပြန်လေ

မြောက်ပြန်လေညှင်း
ဆော်ကာသွင်းသော်
ရင်တွင်းခိုက်အောင်ချမ်းလှသည်။

ကိုပေါက်ခေါင်း

အလွမ်းဒီဇင်ဘာ

ဆီးနှင်းတွေ တဖွဲဖွဲကျတဲ့လ။
အာကာတခွင်မှာ မြူခိုးတွေ
အပျော်ကျူးနေတတ်တဲ့လ။
အမြဲပူနေတဲ့လောကကြီးကို
အအေးဓာတ်တွေ ဖြန့်ဝေပေးတဲ့လ။

အဲဒီလရဲ့ သန်းခေါင်ယံအချိန်
ငါ့ဥယျာဉ်ထဲမှာ ငါမစိုက်ဘဲနဲ့
ပန်းလေးတစ်ပွင့် ဖူးပွင့်လာခဲ့တယ်

မထင်မှတ်ဘဲ ပေါ်လာခဲ့လို့
မထင်မှတ်ဘဲ ကွယ်ပျောက်သွားမယ်လို့
ထင်ခဲ့မိတယ်

အချိန်တွေကြာလာတော့
ပန်းကလေးက လှသည်ထက် ပိုလှလာတယ်
ပွင့်ဖတ်ပွင့်ချပ်တွေ စုံလင်လာတော့
ပိုကြည့်ကောင်းလာတယ်
အရောင်အသွေးတွေ တောက်ပလာတော့
ပိုပြီးစွဲမက်စရာကောင်းလာတယ်

မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့
ပန်းကလေးကို
အရိပ်တကြည့်ကြည့်နဲ့
ငေးကြည့်နေခဲ့မိပြီ

ပန်းကလေးရဲ့အလှကို ငေးမောရင်း
စကားတွေ အများကြီး ပြောနေခဲ့တယ်

ပန်းကလေးနဲ့ စကားပြောရရင်
ပျော်တယ်
စကားမပြောရရင်
ရင်ထဲမှာ ဟာတယ်

တစ်ခါတစ်လေ
ပန်းကလေးနဲ့အတူ စကားတွေပြောရင်း
ကြည်နူးခဲ့ဖူးတယ်။
တစ်ခါတစ်လေမှာတော့
ပန်းလေးနဲ့ ရန်ဖြစ်လို့
အကြိမ်ကြိမ် ငိုခဲ့ရဖူးတယ်

သေချာဆန်းစစ်လိုက်တော့
ပန်းကလေးအပေါ်
သံယောဇဉ်အမျှင်အတန်းတွေ
ရစ်ပတ်နေမိပြီဆိုတာဟာ အဖြေမှန်ပါပဲ

ကိုယ်မစိုက်ဘဲ ပွင့်လာတဲ့ပန်းကလေး
ခူးဆွတ်ရမှာလည်း ဝန်လေးနေမိတယ်။
အချိန်တွေ ကြာလေလေ
သံယောဇဉ်တွေ ခိုင်မြဲလေလေပါပဲ

ဒီဇင်ဘာရဲ့ သန်းခေါင်ယံမှာ
ပွင့်လာတဲ့ပန်းကလေး
ဒီဇင်ဘာရဲ့ ညအမှောင်ထဲမှာပဲ
နှုတ်ဆက်ခြင်းကင်းမဲ့စွာ
ပြန်လည်ပျောက်ကွယ်သွားတယ်

ပန်းကလေးကို လွမ်းတယ်။
ပန်းကလေးကို တမ်းတမိတယ်။
ဒီဇင်ဘာမှာ ငါပျော်ခဲ့ဖူးတယ်။
အခု ဒီဇင်ဘာမှာ ငါငိုနေရပြီ

ဒီဇင်ဘာကြောင့်
ငါ့ဘဝ စဖြစ်ခဲ့သလို
ဒီဇင်ဘာကြောင့်ပဲ
ငါ့ဘဝ ပျက်ခဲ့ရတယ်

ဒီဇင်ဘာကို မျှော်လင့်နေတယ်။
ဒီဇင်ဘာရောက်မှာကိုလည်း ကြောက်နေမိတယ်။
အလွမ်းတွေနဲ့ ဒီဇင်ဘာကို
အလွမ်းတွေနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်
အလွမ်းဒီဇင်ဘာ

ကိုပေါက်ခေါင်း