Friday, January 19, 2018

နာမည်နှစ်မျိုးနဲ့ရွာ

ကျုပ်တို့ရွာကို တောင်လည်လို့ ခေါ်တယ်။ ဘာကြောင့် တောင်လည်လို့ ခေါ်ခဲ့ကြသလဲဆိုတာ ပါးစပ်ရာဇ၀င်အနေနဲ့ ကြားဖူးတာ တစ်ခုရှိတယ်။

ဟိုးအရင်က ရွာသစ်ရွာရဲ့ မြောက်ဘက်ချောင်းတစ်ဖက်ကမ်းအလွန်မှာ ပေါက်တိုင်းရွာဆိုတာ ရှိတယ်။ ပေါက်တိုင်းကွင်းလို့လည်း ခေါ်ကြတယ်။ အဲဒီရွာမှာ လူတွေစုပေါင်းနေထိုင်ပြီး လုပ်ကိုင်စားသောက်ကြတယ်။ ဘယ်အချိန် ဘယ်ကာလကတည်းက အဲဒီရွာကို တည်ထောင်ခဲ့ပြီး နေထိုင်ခဲ့သလဲဆိုတာတော့ ခန့်မှန်းရခက်ပါလိမ့်မယ်။

ပေါက်တိုင်းရွာသားတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက်ကြောင့် ဘုရားစေတီတွေ တည်ထားကိုးကွယ်ခဲ့ကြတယ်။ အဲဒီသမိုင်းကို သက်သေပြဖို့အတွက် အခုထက်ထိ အဲဒီရွာဟောင်းအနီးအနားမှာ ဘုရားဟောင်းဘုရားပျက်တွေ ရှိသေးတယ်လို့ ပြောကြတယ်။

တောင်လည်ရွာကနေ မြောက်ကိုသွားတဲ့လမ်းမှာ ဘုရားတောင်လို့ခေါ်တဲ့ တောင်အမြင့်ကြီးပေါ်မှာ ဘုရားတည်ခဲ့တဲ့ အုတ်ခဲဟောင်းတွေကို အခုထက်ထိ တွေ့နေရသေးတယ်။
အဲဒီဘုရားစေတီဟောင်းတွေကို ကြည့်ခြင်းအားဖြင့် ပေါက်တိုင်းရွာကို တည်ထားခဲ့တဲ့အချိန်ဟာ အလွန်ကြာမြင့်ခဲ့ပြီဆိုတာ သိနိုင်ပါတယ်။

အဲဒီပေါက်တိုင်းရွာသားတွေက နောက်ပိုင်းနှစ်တွေ အများကြီးကြာလာတဲ့အခါ ရွာရဲ့တောင်ဘက် မြေပြန့်နေရာတွေမှာ လယ်တွေလာလုပ်ကြတယ်။ ပေါက်တိုင်းရွာရဲ့ တောင်ဘက်အရပ်မှာရှိတဲ့အတွက်ကြောင့် အဲဒီလယ်တွေကို "တောင်လယ်" ဆိုပြီး ခေါ်ခဲ့ကြပါသတဲ့။ နောက်ပိုင်း တောင်ဘက်က လယ်တွေရှိတဲ့နေရာမှာ ရွာတည်ပြီး နေထိုင်လာကြတယ်။ အဲဒီကနေစပြီး တောင်လယ်ရွာဆိုပြီး ခေါ်တွင်ခဲ့ကြတယ်။

အခုပြောခဲ့တာက ရှေးကလူကြီးတွေ ပြောခဲ့ကြတဲ့ တောင်လယ်ရွာရဲ့ ပါးစပ်ရာဇ၀င်တစ်ခုပါ။ တိကျခိုင်မာတဲ့ အထောက်အထားတစ်ခုတော့ မဟုတ်သေးပါဘူး။ သက်သေတစ်ခုအနေနဲ့ ပြလို့ရတာကတော့ ဘုရားစေတီအပျက်စီးတွေပါပဲ။

အဲဒီအယူအဆအရဆိုရင် တောင်လယ်ရွာရဲ့ ရာဇ၀င်ကို "တောင်လယ်" လို့ပဲ ရေးရလိမ့်မယ်။ ဒါပေမယ့် အခု ကျုပ်တို့ရွာကို "တောင်လယ်"လို့ မရေးကြဘဲ "တောင်လည်"လို့ ရေးနေကြတယ်။ အဲဒီတောင်လည်ဆိုတဲ့ ဝေါဟာရကိုရော ဘယ်ခုနှစ်က စပြီးတော့ အသုံးပြုခဲ့ကြသလဲ။ ဘယ်သူတွေက စပြီးတော့ ခေါ်ဝေါ်ခဲ့ကြသလဲဆိုတာတော့ ပဟေဠိအနေနဲ့ ရှိနေဆဲပါပဲ။

အခုအခြေအရဆိုရင် ကျုပ်တို့ရွာနာမည်ကို တောင်လယ်နဲ့ တောင်လည်ဆိုပြီး နာမည်နှစ်ခုနဲ့ အသုံးပြုခဲ့ကြတယ်လို့ ဆိုရပါလိမ့်မယ်။ နာမည်နှစ်ခုရဲ့ အဓိပ္ပါယ်တွေကို ဖွင့်ကြည့်ပြန်တော့လည်း နှစ်ခုစလုံးက သူ့နာမည်နဲ့သူ အဆင်ပြေနေတယ်။

တောင်လယ်ရွာလို့ ရေးမယ်ဆိုရင် တောင်ဘက်အရပ်က လယ်တွေရှိတဲ့နေရာမှာ တည်ထားတဲ့ရွာဆိုပြီး အဓိပ္ပါယ်ကောက်လို့ရမယ်။ တောင်လည်ရွာလို့ ရေးမယ်ဆိုရင် တောင်တွေပတ်ပတ်လည် ၀ိုင်းရံနေတဲ့ရွာဆိုပြီး အဓိပ္ပါယ်ရလိမ့်မယ်။ နာမည်နှစ်ခုက ဝေါဟာရတ္ထအနေနဲ့ ကြည့်မယ်ဆိုရင် နှစ်ခုစလုံး မှန်နေပါတယ်။ သမိုင်းကြောင်းအနေနဲ့ ကြည့်မယ်ဆိုရင် တောင်လယ်ရွာက ပိုသင့်တော်ပြီး ရွာတည်ပုံအနေအထားအရ ကြည့်မယ်ဆိုရင် တောင်လည်ရွာက ပိုပြီးသင့်တော်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ကျုပ်တို့ရွာသည် နာမည်နှစ်မျိုးဖြင့် ထင်ရှားခဲ့သော ရွာတစ်ရွာ ဖြစ်ပေသည်။

အရှင်ဝိမလ (ပေါက်ခေါင်း)

No comments:

Post a Comment