မနေ့က သီဟိုဠ်ကို
စပြီးရောက်လာတဲ့ သူငယ်ချင်းအတွက် ကွန်ပျူတာမရှိလို့ လိုက်ဝယ်ပေးပါဦးဆိုပြီး အကူအညီတောင်းတာနဲ့
ဆရာသုနဲ့အတူ သုံးပါးသား ထွက်လာခဲ့တယ်။ သွားဝယ်တဲ့နေရာကတော့ ထုံးစံအတိုင်း အီလက်ထရောနစ်ပစ္စည်းတွေ
အစုံရတဲ့ Majestic City မှာပဲပေါ့။
ဝယ်မယ့်ပစ္စည်းက
Laptop ကွန်ပျူတာ။ ပါလာတဲ့ ပိုက်ဆံက ဒေါ်လာ သုံးရာလောက်။ အဆင်မပြေမှန်းတော့ သိတယ်။ ဒါပေမယ့်
လိုချင်တဲ့ဟာ မရရင်လည်း ရတဲ့ဟာပဲ ဆွဲမယ်ဆိုတဲ့စိတ်နဲ့ အရဲစွန့်ပြီး ထွက်လာလိုက်တယ်။
ဆိုင်ရောက်တော့
ဒေါ်လာသုံးရာတန်လောက် Laptop လိုက်ရှာတာ ဘယ်မှာမှ ရှာမရဘူး။ Majestic City နဲ့
Unity Plaza ထဲမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ အကုန်နှံ့အောင် လိုက်ရှာတာပါပဲ။ ဈေးတွေက
မေးကြည့်လိုက်တော့ ဒေါ်လာသုံးရာအထက်တွေချည်းပဲ။ ဒေါ်လာသုံးရာအောက်ဆိုလို့ ရှားရှားပါးပါး
Duo Core လေးတစ်လုံးတော့ တွေ့ပါတယ်။ အဲဒါလေးကလည်း ပုံစံကြည့်ရတာ စိတ်တိုင်းသိပ်မကျလို့
ကောင်းတာလေးများ ရမလားဆိုပြီး ဆက်ရှာနေလိုက်တယ်။
တစ်ဆိုင်ဝင်
တစ်ဆိုင်ထွက် လိုက်ရှာရင်းနဲ့ နောက်ဆုံးမှာ Second Hand တွေ ရောင်းတဲ့ဆိုင်ကို ရောက်သွားတယ်။
အဲဒီဆိုင်ရောက်တော့ Laptop အဟောင်းတွေ အများကြီးတွေ့ရတယ်။ အဲဒီအထဲမှာမှ Acer
Laptop လေးတစ်လုံးကတော့ အလုံးလေး တော်တော်သန့်သေးတယ်။
အထဲက ပစ္စည်းတွေ
ကြည့်လိုက်တော့လည်း တော်တော်မြင့်နေတာတွေ့တယ်။ i5 Processor, Hdd 500, NVIDIA
Graphics 2Gb, Memory Ram 4 Gb ဆိုတော့ ပစ္စည်းကတော့ ကြိုက်နေပြီ။ ဈေးမေးကြည့်လိုက်တော့
သီရိလင်္ကာရူပီး ၃၅၀၀၀ (သုံးသောင်းခွဲ) ဒေါ်လာနဲ့ဆို နှစ်ရာကျော်လောက်ပဲ ကျမယ်။
ဒေါ်လာနှစ်ရာကျော်လောက်နဲ့
i5 တစ်လုံးရဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ကိုယ်က ကြိုက်တာတော့ ဟုတ်တယ်။ ဒါပေမယ့်
ကိုင်မယ့်လူက ကြိုက်ဦးမှလည်း ဖြစ်ဦးမှာ။ အဲဒါကြောင့် ဘယ်လိုသဘောရလဲ မေးကြည့်တော့
သူက ကွန်ပျူတာအကြောင်း ဘာမှ မသိဘူး။ နည်းနည်းပြောပြဦးဆိုတာနဲ့ တတ်သလောက် ပြောပြလိုက်တယ်။
ကွန်ပျူတာတွေမှာ
အဓိကကျတာက Processor ပဲ။ Processor ထဲမှာဆိုရင် အရင်တုန်းက CELERON Processor တွေကို
ထားလိုက်တော့။ အဲဒီအထက်မှာ Duo Core, Core 2 Duo, Core 2 Quad အဲဒါက i တွေ မပေါ်ခင်က
အသုံးပြုခဲ့တဲ့ဟာတွေ။ အဲဒါတွေကို အသာထားလိုက် မှတ်ရတာခက်နေမယ်။
အခုနောက်ပိုင်း
Processor မှာ i တွေ ပေါ်လာတယ်။ i တွေထဲမှာ i3, i5, i7 ဆိုပြီး အဆင့်သုံးဆင့် ရှိတယ်။
အမြင့်ဆုံးက i7 အနိမ့်ဆုံးက i3။ အခု တို့ရှေ့မှာ ကြည့်နေတဲ့ အလုံးက i5 ဆိုတော့ အကောင်းစားကြီး
မဟုတ်ပေမယ့် အလယ်အလတ်အဆင့်လောက်တော့ ရှိတယ်လို့ သေသေချာချာ ရှင်းပြလိုက်တယ်။
ဒါပေမယ့်
သူ့စိတ်ထဲမှာ ကောင်းကောင်းနားမလည်လောက်သေးဘူး ထင်ပါတယ်။ နောက်တစ်ခါ ထပ်ပြီး မေးပြန်တယ်။
ဟိုဘက်ဆိုင်မှာ တွေ့ခဲ့တဲ့ အသစ်အလုံးနဲ့ ဒီအလုံးက ဘယ်လိုကွာလဲတဲ့။ ဒီတစ်ခါတော့ သာမန်ရှင်းပြလို့
မရတော့ သေသေချာချာကို ရှင်းပြရတော့တယ်။
ဟိုက်ဘက်ဆိုင်မှာ
တွေ့ခဲ့တဲ့ ဒေါ်လာသုံးရာတန်လောက်က Duo Core နဲ့ အခု ရှေ့မှာရှိတဲ့ ဒေါ်လာ နှစ်ရာကျောက်လောက်က
i5 ။ Processor အဆင့်ချင်း ယှဉ်ကြည့်မယ်ဆိုရင် ဒေါ်လာသုံးရာ အလုံးက အဆင့်အရမ်းနိမ့်လွန်းနေတယ်။
ဒီအလုံးကတော့ အလယ်အလတ်အဆင့်ထိတော့ ရှိတယ်။
ဈေးနှုန်းအရတော့
ဘာမှ ပြောစရာမလိုဘူး။ ပြောစရာရှိတာက အဟောင်းနဲ့ အသစ်ဆိုတာပဲ ရှိတော့တယ်။ အဲဒီတော့ အဟောင်းကို
ယူမလား အသစ်ကို ယူမလား အဲဒီနှစ်ခုပဲ စဉ်းစားဆိုတော့ ခေါင်းကုတ်ပြီးတော့ ထပ်မေးပြန်တယ်။
အဟောင်းနဲ့ အသစ်ကရော ဘယ်လိုကွာသလဲတဲ့။
အမေးရှိတော့လည်း
အဖြေရှိရမှာပေါ့။ ဒီတစ်ခါတော့ ပိုပြီးနားလည်အောင် ဥပမာလေးတစ်ခုနဲ့ နှိုင်းယှဉ်ပြီး
ပြောပြလိုက်တယ်။
အဟောင်းနဲ့
အသစ်ရဲ့ ကွာခြားမှုကတော့ အပျိုနဲ့ အအို ကွာခြားသလိုပါပဲ။ အပျိုဆိုတာကတော့ သူများမသုံးရသေးဘူးဆိုတော့
အသစ်နဲ့တူတယ်။ အအိုဆိုတာက သူများသုံးပြီးသားဆိုတော့ အဟောင်းနဲ့တူတယ်။
အပျိုက အသစ်ဆိုတော့
သုံးကောင်းတာ မကောင်းတာက ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကောင်းရင် သူကောင်းမှာပဲ ကိုယ်မကောင်းရင်တော့
သူလည်း ကောင်းချင်မှ ကောင်းမှာပေါ့။ ကိုယ်သုံးတတ်ရင် သုံးတတ်သလောက် အဆင်ပြေလိမ့်မယ်။
အအိုတွေမှာက
အပျိုတွေထက် ရှင်းပြရခက်တယ်။ အအိုဖြစ်ရတဲ့ အကြောင်းတွေကလည်း အများကြီးရှိတယ်။ တချို့က
ကံမကောင်းလို့ အအိုဖြစ်သွားရတဲ့လူတွေရှိတယ်။ တချို့တွေကတော့ သူတို့တွေကကို အနေအထိုင်မတတ်လို့
သူများပစ်သွားတာ ခံခဲ့ရပြီး အအိုဖြစ်သွားရတာတွေလည်း ရှိတယ်။
အဲဒီတော့
အအိုတွေကို ရွေးတဲ့နေရာမှာ အပြင်ပန်းကိုကြည့်ပြီး ကောင်းမယ်လို့တော့ သေချာပေါက် မပြောနိုင်ဘူး။
ကံမကောင်းလို့ အအိုဖြစ်သွားတာမျိုးနဲ့ တွေ့ရင် ကောင်းမယ်။ အဲလိုမှမဟုတ်ဘဲ ပင်ကိုယ်ကကို
မကောင်းတဲ့သူနဲ့သာ ညားရင်တော့ သေပြီပဲ။
အဲဒါကြောင့်
အဟောင်းကို ရွေးရတာက အအိုကို ရွေးရသလိုပဲ။ တခါတစ်လေ ပူစီကွဆ လုပ်ရင်လည်းလုပ်မယ်။ ကဂျီကကြောင်
နိုင်ရင်လည်း နိုင်မယ်။ သူဘာဖြစ်ခဲ့တယ်ဆိုတာကို ကိုယ်ကမမြင်ရတော့ ကံစီမံရာပဲ ခံရမှာပဲ။
ကံကောင်းရင် ကောင်းမယ်။ ကံမကောင်းရင်တော့ သေပြီပေါ့။
တို့မြန်မာတွေက
အအိုတွေကိုဆိုရင် အအိုဆိုတဲ့ ဂုဏ်ပုဒ်ကြီးတပ်ပြီး အရမ်းနှိမ်ချင်ကြတာပဲ။ တကယ်တော့ သူတို့တွေကို
အဲဒီလောက်ကြီး နှိမ်ဖို့မကောင်းပါဘူး။ အအိုဖြစ်နေရတဲ့သူတွေမှာလည်း သူ့အရည်အချင်းနဲ့သူတော့
ရှိကြတာပါပဲ။ ကံမကောင်းလို့သာ သူတို့တွေခမျာ အအိုဖြစ်သွားရတာပါ။ တို့တွေက အအိုတွေကို
နှိမ်ချဆက်ဆံနေတဲ့ အချိန်မှာ မွတ်စလင်တွေက ဈေးပေါပေါနဲ့ အကုန်သိမ်းယူနေကြတယ်။ အဲဒါကလည်း
တို့မြန်မာတွေရဲ့ အားနည်းချက်ပဲ။ တကယ်တော့ သူတို့ဘ၀တွေက အရမ်းသနားစရာကောင်းပါတယ်။
အခု တို့ဝယ်မယ့်ပစ္စည်းက
အဟောင်းနဲ့ အသစ်ဆိုတော့ အပျိုနဲ့ အအိုကို ရွေးရသလိုဖြစ်နေတယ်။ အဆင့်အတန်းကို ကြည့်မယ်ဆိုရင်တော့
အဟောင်းက အသစ်ထက် အများကြီးသာတယ်။ အသစ်ဘက်မှာ သာတာဆိုလို့ အသစ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုပဲ
ရှိတယ်။ ဈေးကလည်း အဟောင်းထက်များနေသေးတယ်။ အဲဒါကို အပျိုအအို စကားနဲ့ပြောရမယ်ဆိုရင်
အအိုက အပျိုထက် အများကြီး ပိုလန်းနေတယ်။ အဆင့်အတန်းကလည်း အများကြီးကွာနေတယ်။
ဘယ်ဟာကို
ယူမလဲဆိုတာကတော့ ကိုယ့်ဟာကိုယ်သာ စဉ်းစားပေတော့လို့ ပြောလိုက်တော့ ကိုယ့်ဆရာက နောက်ဆုံးတစ်ခု
မေးပါရစေဦးတဲ့။ ကျုပ်နေရာမှာ ခများသာဆိုရင် အအိုကို ယူမှာလား အပျိုကို ယူမှာလားတဲ့။
အဲဒါမှ ဂွကျတာပဲ။ ဒီလောက်ရှင်းပြနေတာကို ထပ်မေးနေသေးတယ်။ မပြောရင်လည်း မပြီးလောက်တော့ဘူးဆိုပြီး
နောက်ဆုံးဖြေရှင်းတဲ့အနေနဲ့ တစ်လုံးပဲ ပြောလိုက်တယ်။ ငါကတော့ အအိုကိုပဲ ယူမှာပဲဆိုတော့
အဲဒါဆိုရင် ကျုပ်လည်း အအိုပဲ ယူတော့မယ်တဲ့။
ကျုပ် တရားဟောကောင်းလွန်းလို့
မောင်မင်းကြီးသားတော့ အဟောင်းနဲ့ ညားသွားလေပြီ။ နောင်ခါလာ နောင်ခါဈေးပဲ။ အခု အဆင်ပြေသွားဖို့
အရေးကြီးတယ်။ ကိုင်း အဲဒါဆို ပြောနေကြာတယ်။ ဆွဲလိုက်ရအောင်။
Excuse
me! I will buy this second hand Acer laptop. Now, Please cash for this. Hurry
Up! Let’s go.
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment