ကမ္ဘာပေါ်မှာရှိကြတဲ့
နိုင်ငံအသီးသီးမှာ သူတို့တန်ဖိုးထားကြတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေ ရိုးရာအမွေအနှစ်တွေဆိုတာ
ရှိတတ်ကြစမြဲပါ။ အဲဒီနိုင်ငံတွေအများကြီးထဲက နိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း
ယဉ်ကျေးမှုအမွေအနှစ်တွေ များစွာရှိပါတယ်။
မြန်မာနိုင်ငံဟာ
ရှေးနှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့
ရှေးဟောင်းသာသနိက အဆောက်အဦများကို ယနေ့ထက်ထိ တွေ့မြင်နိုင်ပါတယ်။ အဲဒီရှေးဟောင်းသာသနိက
အဆောက်အဦတွေဆိုတာ မြန်မာတို့ရဲ့ သမိုင်းဖြစ်တယ်။ အဲဒီအဆောက်အဦတွေကို ဖျက်စီးလို့
မဖြစ်ဘူး။ အဲဒီအဆောက်အဦတွေကို ဖျက်စီးရင် မြန်မာလူမျိုးတွေရဲ့ သမိုင်းကို ဖျက်စီးတာနဲ့
အတူတူပဲ။ ရိုက်ချိုးပစ်တာနဲ့ အတူတူပဲ။ သမိုင်းဝင်ပစ္စည်းတွေကို ထိန်းသိမ်းဖို့ဆိုတာ
မြန်မာလူမျိုးတိုင်းရဲ့ တာဝန်ဖြစ်တယ်။
သမိုင်းဝင်
အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းရဲ့ တာဝန်မဟုတ်သလို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းရဲ့
တာဝန်လည်း မဟုတ်ပါဘူး။ မြန်မာ့သမိုင်းကို ထိန်းသိမ်းဖို့အတွက် မြန်မာလူမျိုးအားလုံးမှာ
တာဝန်ရှိပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိခိုက်လာရင် ဘယ်သူမဆို ဝင်ပြောရဲတဲ့သတ္တိ ရှိရမယ်။
တိုက်ခိုက်လာရင် တုန့်ပြန်ရဲတဲ့ ခွန်အားတွေ ရှိနေရမယ်။ ဖျက်လိုဖျက်စီးလုပ်လာရင် ကာကွယ်ရဲတဲ့သတ္တိ
ရှိနေရမယ်။
အခုတလော တွေ့နေရတာက
ပုဂံမှာရှိတဲ့ ရှေးဟောင်းဘုရားတစ်ဆူ အပေါ်ကိုတက်ပြီး နိုင်ငံခြားသားတွေ ကျွမ်းထိုးနေကြတယ်။
စေတီရဲ့ အထက်ပစ္စယံအထိတက်ပြီး ဓာတ်ပုံရိုက်နေကြတယ်။ တကယ်တော့ အဲဒါဟာ လုံးဝမဖြစ်သင့်တဲ့
အရာတစ်ခုပါပဲ။ နိုင်ငံကြီးသားတွေအနေနဲ့ ဒီလိုလုပ်လိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို
စော်ကားသလိုလည်း ဖြစ်နေပါတယ်။
အဲဒီလို အပြုအမူမျိုးကို
နိုင်ငံခြားသားတွေမှ မဟုတ်ဘူး။ မြန်မာတွေလည်း မလုပ်သင့်ဘူး။ မသိလို့ လုပ်တာပဲဖြစ်ဖြစ်
သိလျက်နဲ့လုပ်တာပဲဖြစ်ဖြစ် အဲလိုလုပ်နေတာကိုတွေ့ရင် တွေ့တဲ့လူက ဝင်ရောက်တားမြစ်ရမယ်။
တာဝန်ရှိသူတွေကို အကြောင်းကြားရမယ်။ အဲဒါဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ပဲဖြစ်တယ်။
တွေ့နေမြင်နေလျက်သားနဲ့ ငါနဲ့မဆိုင်ပါဘူးကွာဆိုပြီး မျက်နှာလွှဲနေလို့ မဖြစ်ပါဘူး။
သီဟိုဠ်ပြည်က
ရှေးဟောင်းနေရာတွေကို သွားရောက်လေ့လာခဲ့တုန်းက ဖိနပ်မစီးရဘူးလို့ တားမြစ်ထားတဲ့နေရာကို
မသိဘဲနဲ့ စီးသွားမိလို့ တာဝန်ရှိသူတွေရဲ့ လာရောက်တားမြစ်တာကို ကျုပ်ကိုယ်တိုင် ခံခဲ့ရဖူးတယ်။
ကားပေါ်ကဆင်းပြီး အမှတ်တမဲ့ဆိုတော့ သတိပေးဆိုင်းဘုတ်ကို မမြင်လိုက်လို့ စီးသွားခဲ့မိတာပါ။
သီဟိုဠ်လူမျိုးတွေက
စည်းကမ်းသတ်မှတ်ထားတာကို မလိုက်နာဘူးဆိုရင် လူတိုင်းက ပြောရဲဆိုရဲတယ်၊ ဝင်ရောက်တားမြစ်ရဲတယ်။
မြန်မာနိုင်ငံက ဘုရားဖူးအဖွဲ့တစ်ခု ဘုရားလာဖူးရင်း မြန်မာပြည်မှာ ရေးလေ့ရှိတဲ့ အမှတ်တရဆိုတဲ့
စာသားမျိုးတစ်ခုကို ဘုရားနားက ကျောက်တုံးတစ်တုံးမှာ ရေးထားခဲ့တယ်။ တာဝန်ရှိသူတွေတွေ့သွားလို့
အဲဒီကိစ္စသေးသေးလေးကို အကြီးအကျယ် ဖြေရှင်းယူလိုက်ရဖူးတယ်။
သီဟိုဠ်မှာ
ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် လမ်းဘေးက ထိုင်ခုံမရှိတဲ့နေရာမှာ ထိုင်လေ့မရှိကြဘူး။
ထိုင်ခုံရှိရင်လည်း လမ်းဘေးမှာဆို ဘုန်းကြီးတွေအတွက် ထိုင်ခွင့်မရှိဘူး။ မတ်တပ်ရပ်နေရတာပဲ။
ခက်တာက မြန်မာတွေက ကြာကြာမရပ်နိုင်ဘူး။ သီဟိုဠ်လူမျိုးတွေက တနေကုန်ရပ်နေဆိုလည်း ရပ်နေနိုင်တယ်။
တစ်ခါတစ်လေ
လမ်းဘေးမှာ ကားစောင့်နေရင်း ကားမလာလို့ အချိန်အကြာကြီး စောင့်ရတဲ့အခါ ကျုပ်တို့မြန်မာတွေအတွက်
အရမ်းဒုက္ခရောက်တယ်။ ထိုင်ခုံကြီးရှေ့မှာ ရှိနေလျက်သားနဲ့ ထိုင်ခွင့်မရှိတဲ့ အဖြစ်က
ဝက်သားတုံးကြီး ရှေ့မှာရှိနေလျက်နဲ့ အနာနဲ့မတည့်လို့ မစားရတဲ့လူလို ဖြစ်နေတယ်။ တကယ်လို့
မရပ်နိုင်ဘဲ ထိုင်ခုံမှာ ဝင်ထိုင်လို့ကတော့ တွေ့တဲ့လူက လာပြောတော့တာပဲ။
ကျုပ်တို့တက်နေတဲ့
တက္ကသိုလ်ထဲမှာ စာသင်ခန်းတွေ အများကြီးရှိတယ်။ တခါတလေ ဆရာ မလာသေးရင် အဲဒီစာသင်ခန်းတွေရှေ့က
စိန်ပန်းပင်အောက်မှာ အကြာကြီးစောင့်နေရတယ်။ ထိုင်စရာခုံက နှစ်ခုံပဲရှိတော့ ကျောင်းသားအရေအတွက်နဲ့က
အဆင်မပြေဘူး ဖြစ်နေတယ်။ ကျောင်းသားကများပြီး ထိုင်ခုံက နည်းနေတယ်။
ဆရာ မလာလို့
အချိန်အကြာကြီး စောင့်နေရရင် ကြာလာတော့ မတ်တပ်ရပ်ရတာ ညောင်းလာတယ်။ မြန်မာတွေရဲ့အကျင့်က
ဆယ့်ငါးမိနစ်ကျော်ရင်အလိုလို ညောင်းလာတတ်တာပဲ။ ညောင်းလာတော့ ထိုင်စရာရှာတယ်၊ ထိုင်စရာမရှိတော့
ရှိတဲ့နေရာမှာ ဖြစ်သလိုထိုင်ပစ်လိုက်ရော။ အဲဒီလို ထိုင်နေတာမျိုးကို သီဟိုဠ်လူမျိုးတွေ
တွေ့သွားရင် အဲလိုမျိုး မထိုင်သင့်တဲ့အကြောင်း လာပြောလေ့ရှိတယ်။ အဲလိုမျိုးပြောတာက
ဆရာတွေတင် မဟုတ်ဘူး။ ကျောင်းသားအချင်းချင်း တွေ့ရင်လည်း ပြောတာပါပဲ။
နောက်တစ်ခု
စာသင်ခန်းတွေထဲမှာ ဖြစ်တတ်တာက ကုလားထိုင်ပေါ်မှာ ထိုင်တဲ့အနေအထားပါပဲ။ ကျုပ်တို့မြန်မာလူမျိုး
အများစုက ငယ်ငယ်ကတည်းက ကုလားထိုင်နဲ့ မရင်းနှီးခဲ့တော့ ကုလားထိုင်ပေါ်မှာ ကျကျနန မထိုင်တတ်ကြဘူး။
နာမည်ကိုက ကုလားထိုင်ဆိုတော့ ဗမာမထိုင်တတ်တာ သိပ်တော့မထူးဆန်းပါဘူး။
တချို့က ကုလားထိုင်ပေါ်မှာ
တင်ပျဉ်ခွေပြီး ထိုင်ကြတယ်။ တချို့က ခြေထောက်တစ်ချောင်း ပေါင်ပေါ်တင်ပြီး ထိုင်ကြတယ်။
မြန်မာပြည်မှာ တင်ပျဉ်ခွေထိုင်တာ အကြောင်းမဟုတ်ပေမယ့် သီဟိုဠ်ပြည်က စာသင်ခန်းထဲမှာ
တင်ပျဉ်ခွေထိုင်တာဟာ ဆရာကို မလေးစားရာရောက်တယ်၊ မလုပ်သင့်တဲ့ အပြုအမူဖြစ်တယ်ဆိုပြီး
မကြာခဏ အပြောခံရတယ်။
သီဟိုဠ်ကိုရောက်နေတဲ့
မြန်မာပြည်သားတွေ ကြုံရတတ်တတ်တဲ့ နောက်တစ်မျိုးကတော့ စကားကျယ်ကျယ် ပြောတတ်တာပါပဲ။ ငယ်ငယ်ကတည်းက
အကျင့်ပါနေတော့ စကားပြောလိုက်ရင် အကျယ်ကြီးပြောလိုက်ရမှ အားရကျေနပ်တတ်တာ မြန်မာတွေရဲ့
အကျင့်ပါ။ ဖုန်းပြောရင်လည်း အော်ပြောတတ်ကြတာပါပဲ။
သီဟိုဠ်လူမျိုးတွေက
စာကြည့်တိုက်၊ စာသင်ခန်း၊ မီးရထားပေါ်၊ ကားပေါ်၊ အစရှိတဲ့ လူအများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ
စကားကျယ်ကျယ်ပြောတာကို ရှောင်တတ်ကြတယ်။ သူတို့ကိုယ်တိုင်လည်း စကားကျယ်ကျယ် မပြောသလို
တခြားသူတွေ ဆူဆူညံညံ စကားပြောနေရင်လည်း လာရောက်သတိပေးတတ်ပါတယ်။ သုံးဘီးမောင်းသမား နန္ဒာသီရိဆိုရင်
တွံတွေးထွေးတာကအစ အဆင်မပြေရင် မပြေတဲ့အကြောင်း ပြောပြလေ့ရှိတယ်။
သီဟိုဠ်ကို
ဘုရားဖူးလာတဲ့ ဧည့်သည်တွေ အတွေ့ရများတတ်တာကတော့ ဘုရားကို ကျောခိုင်းပြီး ဓာတ်ပုံရိုက်တဲ့အခါမှာပါပဲ။
ကျုပ်တို့မြန်မာတွေက ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံကောင်းကောင်း ရဖို့အတွက်သာ အဓိကထားတတ်ကြတယ်။
တခြားအရာတွေ သိပ်ပြီးထည့်တွေးလေ့မရှိကြဘူး။
သီဟိုဠ်လူမျိုးတွေက
ဘုရားကို ကျောခိုင်းပြီး ဓာတ်ပုံရိုက်တာကို ရိုင်းတဲ့အပြုအမူလို့ ယူဆထားကြတယ်။ အဲဒါကြောင့်
ဘယ်သူပဲဖြစ်ဖြစ် သူတို့နိုင်ငံကို လာတဲ့အခါ ဘုရားကို ကျောခိုင်းပြီး ဓာတ်ပုံရိုက်ခွင့်
မပြုကြဘူး။ တကယ်လို့ ဘုရားကို နောက်ကျောပေးပြီး ဓာတ်ပုံရိုက်နေတာကိုတွေ့ရင် မြင်တဲ့သူက
လာပြီးတော့ ပြောတော့တာပဲ။ အဲဒီလို အဖြစ်အပျက်မျိုးကို မြန်မာဘုရားဖူးဧည့်သည်တွေ များသောအားဖြင့်
ကြုံတွေ့ရတတ်ပါတယ်။
ရောမရောက်ရင်
ရောမလို ကျင့်ရမယ်ဆိုတဲ့ စကားအတိုင်း သူ့နိုင်ငံကိုရောက်ရင် သူတို့ယဉ်ကျေးမှုကို လိုက်နာရတာပါပဲ။
ငါတို့ဆီမှာလည်း ဒီလိုပဲ နေနေတာပဲ၊ ငါနေချင်သလို နေမှာပဲလို့တော့ သွားမလုပ်လိုက်နဲ့။
အဲဒါဆိုရင် သင်အမှားကြီး မှားသွားလိမ့်မယ်။ ဒါကိုမှ လူ့အခွင့်အရေးတွေ ဘာတွေပြောနေဦးမယ်ဆိုရင်တော့
မလာခင်ကတည်းက မလိုက်နာနိုင်ရင် မလာပါနဲ့လို့သာ ပြောထားရပေလိမ့်မယ်။
သူတို့ယဉ်ကျေးမှုနဲ့
မကိုက်ညီတဲ့အခါ ပြောရဲဆိုရဲတဲ့ သီဟိုဠ်လူမျိုးတွေလို မြန်မာလူမျိုးတွေလည်း မြန်မာ့ယဉ်ကျေးမှုနဲ့
ဆန့်ကျင်တဲ့အပြုအမူတွေကိုတွေ့ရင် ဘယ်သူ့ကိုမဆို ပြောရဲဆိုရဲ ဖြစ်နေရမယ်။ သူတို့ရိုးရာကို
သူတို့ထိန်းသိမ်းကြသလို ကိုယ့်ရိုးရာကိုလည်း ကိုယ်တို့ထိန်းသိမ်းရမှာပါပဲ။ မြန်မာ့သမိုင်း
မပျောက်ဖို့အတွက် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်ဟာ မြန်မာလူမျိုးတိုင်းရဲ့
သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။
မြန်မာလူမျိုးများအားလုံး
မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့သမိုင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
အရှင်ဝိမလ (ပေါက်ခေါင်း)
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment