Friday, January 19, 2018

ဇော်ဂျီ

ညနေဆည်းဆာအချိန်တစ်ခုတွင် အညောင်းပြေလမ်းလျှောက်ရင်း လေလှိုင်းထဲမှ ၀ဲပျံလာသော ငြိမ့်ညောင်းသာယာသည့် တေးသီချင်းသံတစ်ခုကို ကြားလိုက်ရသည်။

ထိုသီချင်းမှာ အဆိုတော်ကြီး ဦးသုမောင်သီဆိုထားသော တောင်တော်ရွှေပုပ္ပါးသီချင်း ဖြစ်၍ သီချင်းထဲတွင်ပါသော စကားလုံးများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

"၀ိဇ္ဇာ တပသီ ဇော်ဂျီတွေ ဆေးကြိတ်ပါတဲ့
စိမ့်စမ်းရေတံခွန် ကိုးဆယ့်ကိုးနဲ့
ကျောက်နွားသိုး ကိုးကောင်ရှိပါတယ်"
ထိုအပိုဒ်ထဲတွင်ပါသော ၀ိဇ္ဇာ၊ တပသီ၊ ဇော်ဂျီ ဆိုသော ဝေါဟာရစာလုံးများမှာ ပါဠိသက်ဝေါဟာရ စာလုံးများဖြစ်၍ ထူးဆန်းနေသည်။ ထိုစာလုံးသုံးလုံးတွင် ၀ိဇ္ဇာနှင့် တပသီ ဆိုသည်မှာ တောတွင်း၌ တရားကျင့်နေသော သူတော်စင်များဟု လူသိများမည် ဖြစ်သော်လည်း ဇော်ဂျီကိုမူ ကျကျနန သိသောသူ နည်းပါးပေလိမ့်မည်။

ဝိဇ္ဇာဆိုသည်မှာ အ၀ိဇ္ဇာမှ လွန်မြောက်၍ ၀ိဇ္ဇာသို့ရောက်အောင် ကျင့်နေသောပုဂ္ဂိုလ် သို့မဟုတ် ၀ိဇ္ဇာဉာဏ်ကို ထိုးထွင်းသိမြင်သောပုဂ္ဂိုလ်ကို ဆိုလိုသည်။

တပသီဆိုသည်မှာ ခြိုးခြံစွာ ကျင့်လေ့ရှိသောသူ သို့မဟုတ် ပူလောင်သောတရားများကို ဖျက်စီးလေ့ရှိသောသူဟု အဓိပ္ပါယ်ရသည်။

ဇော်ဂျီဆိုသောပုဒ်ကိုမူ ကောင်းစွာ မသိခဲ့ပါ။ ငယ်စဉ်က စာသင်ကျောင်း၌ "ဇော်က ကနေသည်" ဟူသော စာပိုဒ်ကလေးတွင် အရုပ်ကလေးတစ်ရုပ် တောင်ဝှေးတစ်ချောင်းကို ပခုံးတွင်ထမ်း၍ ခြေထောက်တစ်ချောင်း မြှောက်နေသည့်ပုံကို ပြန်လည်မြင်ယောင်မိသည်။ ဇော်ဂျီဆိုတာ ဒီပုံထဲကလို တောထဲမှာနေပြီး လူပုံစံရှိတဲ့ အကောင်သေးသေးတစ်မျိုးဟု ငယ်စဉ်က အတွေးတစ်ခု ၀င်ခဲ့ဖူး၏။

မြန်မာမှုနယ်ပယ်တွင် ဇော်ဂျီတီးလုံး၊ ဇော်ဂျီအက စသည်ဖြင့်လည်း တွေ့ရပြန်သည်။ "ဇော်ကကနေသည်" ဟူသော ဇာတ်ကားသည် ၂၀၀၉ ခုနှစ်တွင် ရုပ်ရှင်အကယ်ဒမီဆုများစွာ ဆွတ်ခူးနိုင်ခဲ့သော ဇာတ်ကားတစ်ကား ဖြစ်သည်။ ထိုဇာတ်ကားတွင် သရုပ်ဆောင်ဖြစ်သူက အနီရောင်အ၀တ်အစားကိုဝတ်၍ တောင်ဝှေးတစ်ချောင်းကိုဆောင်ကာ သရုပ်ဆောင်သွားခဲ့သည်။

ထိုသို့ဆိုလျှင် ဇော်ဂျီဆိုသောသူများသည် တောင်ဝှေးတစ်ချောင်းနှင့် အကအခုန် ၀ါသနာပါသော သူတစ်ယောက်ဟု ထင်စရာရှိ၏။

သို့သော် လက်လှမ်းမီသလောက် လေ့လာကြည့်သောအခါ ဇော်ဂျီဆိုသည်မှာ မြန်မာစကားမဟုတ်။ ပါဠိစကားဖြစ်သော ယောဂီမှ ဆင်းသက်လာသော ပုဒ်တစ်ခု ဖြစ်သည်။ အကျင့်တစ်ခုကို တစိုက်မတ်မတ်ကျင့်လေ့ရှိသောသူဟု အဓိပ္ပါယ်ရှိ၏။ ယခုခေတ်၌ အရှေ့တိုင်းတွင်ရော အနောက်တိုင်း၌ပါ လူအများခေါ်ဝေါ် ကျင့်သုံးနေကြသော (Yoga) ဟူသော စကားလုံးနှင့်လည်း အတူတူပင် ဖြစ်သည်ဟူ၍ ဒေါက်တာဦးထွန်းတင့်မှ ဆိုသည်။

ထိုသို့ အကျင့်များကို ကျင့်လေ့ရှိသောသူမှ အဘယ့်ကြောင့် တောင်ဝှေးတစ်လက်နှင့် ကနေသောသူအသွင်သို့ ပြောင်းသွားခဲ့လေသနည်း။ အမေးရှိလျှင် အဖြေလည်း ရှိပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဇော်ဂျီဆိုသည်မှာ အကျင့်တရားများကို ကျင့်လေ့ရှိသောသူ ယောဂီဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရတစ်ခုပင် ဖြစ်ပေသည်။

အရှင်ဝိမလ (ပေါက်ခေါင်း)

No comments:

Post a Comment