ပန်းဆိုသည်မှာ
လှပသည်။ မွေးပျံ့သည်။ လူသားတို့၏စိတ်ကို သိမ်းကျုံးစွဲဆောင်နိုင်စွမ်း ရှိသည်။ အရပ်ဒေသအမျိုးမျိုး၌
အရောင်အမျိုးမျိုး အနံ့အမျိုးမျိုးဖြင့် ပန်းပေါင်းများစွာ ဖူးပွင့်နေကြသည်။
ထိုပန်းများကို
နေရာဒေသအလိုက် အသုံးပြုပုံများ ကွားခြားကြသည်။ မင်္ဂလာအခမ်းအနားများတွင် အလှဆင်ရန်အတွက်
အသုံးပြုကြသကဲ့သို့ အသုဘအခမ်းအနားများတွင်လည်း ပန်းများကို အသုံးပြုကြသည်။ မင်္ဂလာပန်းကြဲခြင်း
အလေ့အထရှိသကဲ့သို့ လွမ်းသူ့ပန်းခွေချခြင်း အလေ့အထကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်
ရှိသည်။
ဗုဒ္ဓဘာသာဝင်တို့သည်
မိမိတို့ အထွတ်အမြတ်အဖြစ် ကိုးကွယ်အားထားရာ မြတ်ဗုဒ္ဓအား ပန်းများကို ကပ်လှူပူဇော်လေ့ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလခန့်က မြို့ပြဒေသမှလွဲ၍ ကျေးလက်ဒေသများတွင် ဒေသအလိုက်
အလေ့ကျပေါက်သော ရာသီအလိုက်ပန်းများကိုသာ ဘုရားရှင်အား ကပ်လှူပူဇော်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင်
ဒေသအလိုက် အတွေ့ရများသော ပန်းများမှာ ဒန်းကြီးပန်း၊ ဒန်းလေးပန်း၊ လေးနာရီပန်း၊ စကြာပန်း၊
ဇွန်ပန်း၊ စံပယ်ပန်း၊ ဇီဇဝါပန်း စသည်တို့ ဖြစ်သည်။ ထိုပန်းပွင့်များသည် မိုးတွင်းအခါ၌သာ
အပွင့်များကြသည်။ ထို့ကြောင့် မိုးတွင်းကာလရောက်လျှင် ရွာထဲရှိ ကလေးသူငယ်များသည် မိမိတို့အိမ်နီးဝန်းကျင်ရှိ
ပန်းကလေးများကိုခူးကာ ရွာဦးကျောင်းသို့ သွားရောက်ကပ်လှူပူဇော်လေ့ရှိသည်။
ယခုအခါ ပြောင်းလဲသွားသော
ခေတ်စနစ်အရ ရိုးရာဓလေ့စရိုက်များလည်း ပျောက်ကွယ်သွားတတ်သည့်အားလျော်စွာ ကျေးလက်တောရွာများတွင်
ကလေးသူငယ်များ၏ ပန်းကပ်ခြင်းအလေ့အထမှာ ခေတ်ရေစီးကြောင်းထဲတွင် မျောပါရင်း ပျောက်ကွယ်ခဲ့ကြလေပြီ။
ထိုကဲ့သို့ ဓလေ့စရိုက်များ
မြန်မာပြည်၌ ပျောက်ကွယ်သွားသော်လည်း သီရိလင်္ကာနိုင်ငံတွင်မူ ယခုထက်ထိ ကျင့်သုံးနေဆဲဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် နံနက်ခင်းအချိန် ကားစီးသည့်အခါ ဘတ်စ်ကားတိုင်းနီးပါးတွင် ကားဦးထိပ်၌
ဗန်းလေးတစ်ခုထဲမှာ ဘုရားပန်းလေးများ ကပ်လှူထားသည်ကို တွေ့ရလေ့ရှိသည်။ ဘုရားစေတီများနှင့်
ဗောဓိပင်များ၏ ပန်းတင်ခုံများပေါ်တွင် ပန်းပွင့်လေးများကို ဗန်းတစ်ခုထဲထည့်ကာ ကပ်လှူပူဇော်ထားသည်ကို
တွေ့ရသည်။
သီဟိုဠ်ပြည်သူတို့
ဘုရားပန်းကပ်ရာတွင် အသုံးအများဆုံးပန်းမှာ ကျွန်ုပ်တို့မြန်မာပြည်တွင်ရှိသော ကြာပန်းများနှင့်
စင်္ကြာပန်းပွင့်လေးများပင် ဖြစ်သည်။ အရောင်အသွေး ဖြူဖွေးနေသော စင်္ကြာပန်းလေးများကို ဘုရားစင်ပေါ်တွင်
မြင်ရသည်မှာ စိတ်ကြည်နူးဖွယ်ကောင်းလှသည်။
အိမ်တိုင်းလိုလိုတွင်
ထိုစင်္ကြာပန်းပင်လေးများကို စိုက်ထားတတ်ကြသည်။ မိမိအိမ်ခြံအတွင်း၌ ရှိသောကြောင့်လည်း
အလွယ်တကူ ကပ်လှူပူဇော်နိုင်၏။ မြန်မာပြည်တွင် ပန်းကပ်ခြင်းအမှုကို အမျိုးသမီးများသာ
အလုပ်များသော်လည်း သီဟိုဠ်ပြည်တွင်မူ အမျိုးသမီး၊ အမျိုးသား၊ ကလေး၊ လူကြီးပါမကျန် ကပ်လှူပူဇော်လေ့ရှိကြသည်။
မြတ်စွာဘုရား
သက်တော်ထင်ရှားရှိစဉ်က ပန်းလှူခဲ့သော ၀တ္ထုသာဓကများလည်း ရှိသည်။ ၀ိပဿီမြတ်စွာဘုရားလက်ထက်က
သူဌေးသမီးတစ်ယောက်သည် ဘုရားရှင်အား မြလေးပန်းများ ကပ်လှူခဲ့ဖူး၏။ ထိုကောင်းမှုကြောင့်
ဂေါတမမြတ်စွာဘုရားလက်ထက်တွင် ကောသလဘုရင်မင်းကြီး၏ သမီးတော်တစ်ပါး ဖြစ်လာခဲ့သည်။
သိခီမြတ်စွာဘုရား
လက်ထက်တော်ကာလတွင် ရသေ့တစ်ပါးသည် အဘိဘူမထေရ်အား ပန်းများဖြင့် ပူဇော်ခဲ့သည်။ ထိုကောင်းမှုကြောင့်
ဂေါတမမြတ်စွာဘုရားလက်ထက်တွင် အဓောပုပ္ဖိယမထေရ်ဟူ၍ နာမည်ထင်ရှားသော ရဟန်းတစ်ပါး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ယခုဘ၀ရော
နောင်ဘ၀တွင်ပါ စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာနိုင်ကြစေရန် တန်ဖိုးကြီးသည်ဖြစ်စေ တန်ဖိုးနည်းသည်ဖြစ်စေ
စေတနာကို အဓိကထား၍ သန့်ရှင်းလှပသော ပန်းပွင့်လေးများကို ဗုဒ္ဓမြတ်စွာအား လှူဒါန်းခြင်းဖြင့်
ကောင်းမှုကုသိုလ်များ ရယူနိုင်ကြပါစေ။
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment