အခုတလော လူမှုကွန်ယက်ပေါ်မှာ
မအေးသောင်းပြောလိုက်တဲ့ စကားတစ်ခွန်းက လူ့အသိုင်းအဝိုင်းထဲမှာ ပြောစရာစကားတစ်ခု ဖြစ်လာခဲ့တယ်။
သူပြောလိုက်တာက
"နောက်ကာရိုက်တာက
စိန်ခေါ်မှုပိုကြီးတယ် ဘုန်းကြီးကို တစ်ဖက်သတ်ကြိုက်ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် နည်းနည်းခက်တယ်ပေါ့"လို့
ပြောခဲ့တယ်။
သူရိုက်မယ့်ဇာတ်ကားက
ဆရာတော်အရှင်ဆန္ဒာဓိကရေးတဲ့ အသေလှတဲ့သူဆိုတဲ့ စာအုပ်ထဲက ဇာတ်လမ်းကို အခြေခံပြီးတော့
ဒါရိုက်တာသြရသက ရိုက်မယ်လို့ ပြောတယ်။
တကယ်တော့ ဒီစကားကို
မအေးသောင်းအနေနဲ့ လူအများရှေ့မှာ မပြောသင့်ဘူးလို့ ယူဆမိတယ်။ ဒီဇာတ်ကားကို ရိုက်မယ့်သူတွေအနေနဲ့လည်း
ဗုဒ္ဓဘာသာအပေါ် အမြင်တစ်မျိုး သက်ရောက်သွားစေမယ်ဆိုရင်တော့ ဒီဇာတ်ကားမျိုးကို ရှောင်သင့်တယ်လို့
ထင်ပါတယ်။
အပြင်လောကမှာ ဖြစ်ပျက်နေတာတွေကို
အများပြည်သူကို ချပြတဲ့အခါမှာ အကောင်းထက် အဆိုးဘက်ကို ဦးတည်နေတယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ကို
ဆက်မလုပ်တာပဲ ကောင်းပါလိမ့်မယ်။ ဒါမှမဟုတ် တမင်သက်သက် အဆိုးဘက်ရောက်အောင် ဖန်တီးလိုက်တယ်ဆိုရင်တော့
ဖန်တီးသူတို့ရဲ့ တာဝန်သာ ဖြစ်ပါလိမ့်မယ်။
ဇာတ်လမ်းက အထူးအဆန်းဖြစ်နေတာရယ်
ဆရာတော်တစ်ပါး ရေးထားတာရယ်ဆိုတာကြောင့် အဲဒီစာအုပ်ကို ရှာဖွေဖတ်ကြည့်လိုက်ပါတယ်။ တကယ်တော့ စာအုပ်ထဲက
ဇာတ်လမ်းက အရမ်းကောင်းပါတယ်။ မိဘနဲ့သားသမီး အရင်ဘဝက အမုန်းဆိုတဲ့ အစွဲတစ်ခုကြောင့်
ယခုဘဝထိတိုင် မခေါ်နိုင်မပြောနိုင် ဖြစ်ရတဲ့အကြောင်းကို တင်ပြထားတာပါ။
အရင်တုန်းက ရွာတစ်ရွာမှာ
ညီအစ်ကိုသုံးယောက်ရှိတယ်။ သောက်တယ် စားတယ် မူးတယ် ရူးတယ်။ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။
သူများချစ်သူကို လူကြားထဲမှာ လိုက်နှောက်ယှက်တယ်။ ကောင်မလေးရဲ့ချစ်သူက မခံနိုင်လို့
သက်ဆိုင်ရာကိုတိုင်တော့ အဖမ်းခံရပြီး အရှင်လတ်လတ် မြေမြှုပ်အသတ်ခံရတယ်။
အဲဒီအဖြစ်အပျက်ကို
နှစ်ဖက်စလုံးက မေ့မရနိုင်လောက်အောင် အမုန်းကြီးမုန်းပြီး စွဲလမ်းနေတယ်။ အသတ်ခံရတဲ့လူတွေကလည်း
မုန်းတယ်။ လူကြားထဲမှာ အရှက်ခွဲခံရတဲ့လူတွေကလည်း မုန်းတယ်။ ကံကောင်းလို့ နောက်ဘဝ
လူပြန်ဖြစ်တဲ့အခါ ညီအစ်ကိုသုံးယောက်က လူကြားထဲမှာ သူတို့အရှက်ခွဲခဲ့တဲ့ အမျိုးသမီးလေးရဲ့သားတွေ
လာဖြစ်တယ်။ ကလေးတွေရဲ့ မိဘနှစ်ယောက်လုံးက မွေးလာကတည်းက သတ်ပစ်ချင်စိတ်ပေါက်တဲ့အထိ ကလေးတွေကို
မုန်းတီးနေတယ်။ ကလေးတွေ အရွယ်ရောက်လာတော့လည်း မိဘတွေကို ပြန်သတ်မယ်လုပ်တယ်။
ရွာဦးကျောင်းဆရာတော်ရဲ့
ပါးနပ်မှုကြောင့် ကလေးတွေအသက်ရှင်ပြီး မိဘတွေလည်း အသက်ချမ်းသာရာရခဲ့တယ်။ ကလေးတွေ အရွယ်ရောက်တော့
သင်္ကန်းဝတ်ပေးပြီး တစ်ယောက်တစ်နယ်ဆီ ပညာတော်သင်လွှတ်လိုက်တယ်။ အသက်အရွယ်ကြီးလို့ အသိတရားရတဲ့အချိန်မှာ
မိဘကျေးဇူး ကြီးမားတယ်ဆိုတာ သိလာခဲ့တယ်။
ရဟန်းတော်တွေက မိဘတွေ
မကွယ်လွန်ခင် ကျေးဇူးဆပ်ဖို့ ပြန်လာခဲ့ပေမယ့်လည်း အရင်ဘဝက အမုန်းတရားတွေကြောင့် သားရဟန်းတော်တွေကို
ကြည်ကြည်ဖြူဖြူ မဆက်ဆံခဲ့ဘူး။ သူတို့တွေ သေသွားတဲ့အထိ သားတွေအပေါ်ကို ခွင့်လွှတ်မသွားနိုင်ခဲ့ဘူး။
အမုန်းတရားဆိုတဲ့အစွဲက
ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို သိသာထင်ရှားအောင် ဆရာတော်က ရေးပြထားတာပါ။ ဆရာတော်ရေးထားတာ
အရမ်းကောင်းပါတယ်။ အဲဒီစာအုပ်ထဲမှာ အမျိုးသမီးတစ်ယောက်က ရဟန်းတော်တစ်ပါးကို တစ်ဖက်သတ်ကြိုက်တယ်ဆိုတဲ့
ဇာတ်လမ်းလည်းမပါပါဘူး။
စာအုပ်ထဲမှာမပါတဲ့
အရာတစ်ခုကို ဘာလို့ဇာတ်လမ်းလုပ်ပြီး ထွင်ချင်ကြတာလဲ။ ခုခေတ်အခြေအနေဟာ ကျုပ်တို့ကိုးကွယ်နေတဲ့
ဗုဒ္ဓဘာသာကို လူများကဝိုင်းပြီးတော့ ပြစ်တင်ရှုံ့ချနေတဲ့အချိန် ဖြစ်တယ်။ ဒီအချိန်မှာ
ဘာဖြစ်လို့ ဒီဇာတ်ကားကို ရိုက်ရတာလဲ။ ကျုပ်တို့ဗုဒ္ဓဘာသာကို တမင်သက်သက် စော်ကားဖို့ပဲလား။
အခုအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက
မြန်မာပြည်ကို ဝိုင်းပြီးလက်ညှိုးထိုးနေကြတယ်။ မြန်မာတွေရဲ့ အပြစ်တွေကိုပဲ စောင့်ကြည့်နေကြတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ မကောင်းတာတွေကိုပဲ ရှာပြီးတော့ အပြစ်ပြောနေကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ
မကောင်းကြောင်း ဗုဒ္ဓဘာသာဘုန်းကြီးတွေ ယုတ်မာကြောင်း လိုင်းပေါ်မှာ ဟစ်အော်ပြောဆိုနေတာတွေက
မြင်လို့တောင်မှ မကောင်းပါဘူး။
ဒီအချိန်မှာ မြန်မာပြည်သူပြည်သားတွေအနေနဲ့
ကိုယ့်ဘာသာ ကိုယ့်သာသနာကို ထိန်းသိမ်းကာကွယ်ရမယ့်အချိန် ဖြစ်ပါတယ်။ မမြင်သင့်တာကို
မမြင်ရအောင် ဖုံးဖုံးဖိဖိ သိုသိုသိပ်သိပ်နေရမယ့်အချိန် ဖြစ်တယ်။
အခု ဒီဇာတ်ကားကို
ပုံဖော်နေတဲ့လူတွေ လုပ်နေတဲ့ပုံက ဖုံးထားရမယ့်ဟာကို လူကြားထဲမှာ ဖော်ပြနေသလို ဖြစ်နေတယ်။
ဖိထားရမယ့်အရာကို ဖွင့်ပြသလို ဖြစ်နေတယ်။ သိမ်းထားရမယ့်အရာကို ထုတ်ပြသလို ဖြစ်နေတယ်။
ဒီဇာတ်ကားက အခုလောလောဆယ်တော့
ထွက်မလာသေးပါဘူး။ တကယ်လို့များ မသင့်တော်တဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ထွက်ပေါ်လာခဲ့မယ်ဆိုရင်
ကျုပ်တို့ဗုဒ္ဓဘာသာအတွက် ရင်လေးစရာဖြစ်လာလိမ့်မယ်။
အဲဒီအတွက်ကြောင့်
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာအပေါ် ထိခိုက်စေမယ့် အပြုအမူမျိုးကို မလိုလားပါဘူး။
မနှစ်သက်နိုင်ပါဘူး။ အခု "မုန်းစွဲ"ဆိုတဲ့ဇာတ်ကားဟာလည်း ဗုဒ္ဓဘာသာရဲ့ အသွေးအရောင်ကို
မှေးမှိန်စေမယ်ဆိုရင် အဲဒီဇာတ်ကားကို ကန့်ကွက်ပါတယ်။ ဒီဇာတ်ကားကို ပုံဖော်ကြမယ့် အနုပညာရှင်တွေ
အနေနဲ့လည်း အသိစိတ်နဲ့ယှဉ်ကာ သတိထားပြီး အလုပ်လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment