Friday, January 19, 2018

ဝါဆို

ဝါဆိုတဲ့ဝါဆို
ကြာညိုကို မမေ့သေး။

ပြာသိုလ်မှာ ခွါညိုမွှေးတော့
တရွာသူ စံပယ်လေးကို
လွမ်းလျက်နဲ့ဆွေး။

ကိုပေါက်ခေါင်း

မြန်မာ့အားကစား

လူတိုင်းရဲ့ပါးစပ်ဖျား
ရေပန်းစားနေ။

တို့မြန်မာအားကစား
မြင့်မားကြပေ။

ဘောသမားလေးတွေ
အားစိုက်ကာလွန်ကြိုးပမ်း။

ဒီလိုသာဆက်ပြီးသွားရင်
ရွှေဆိုတာလက်တစ်ကမ်းမှာမို့
(သားကြီးတို့ရေ)
ခူးဆွတ်လိုက်စမ်း။

ကိုပေါက်ခေါင်း

ထမင်းငတ်ကိန်း

သီဟိုဠ်မှာ ကားကြပ်ချက်
တစ်မနက်ကုန်ပြီ။

သွားရမယ့် ဒီခရီး
ဘယ်တော့မှ ပြီးတော့မည်။

လမ်ပေါ်မှာ တဝီဝီ
ညံစီနေတာက သုံးဘီး။

ဒီလိုသာ ဆက်ပြီးသွားရင်
ကားပေါ်မှာ တနေကုန်လို့
အူတုန်တာ တဆတ်ဆတ်နဲ့
ထမင်းငတ်မယ့်ကိန်း။

ကိုပေါက်ခေါင်း

ခြင်းလုံး

အပျင်းရယ်တဲ့ ပြေစေရာ
ဆည်းဆာချိန် ညနေခင်းမှာ
ပျိုတို့မောင် လူပျိုတစ်သင်းက
ခြင်းခတ်ကစား။

စုပေါင်းလို့ညီညာ
ပြည်သာရန် အခွင့်အလမ်းနဲ့
ကျန်းမာကာ ပွင့်လန်းစေမယ့်
ဆုံစည်းရာ တို့စခန်းကိုကွယ်
မြန်းကြစို့လား။

ကိုပေါက်ခေါင်း

ဘ၀သံသရာ


အလွန်ရှည်လျားလှသော ဘဝသံသရာကြီးထဲတွင် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် မရပ်မနား လှည့်လည်သွားလာနေကြကုန်၏။

ဗုဒ္ဓဘာသာဝင်များသည် နိဗ္ဗာန်တည်းဟူသော ရည်မှန်းချက်ပန်းတိုင်ကို မရောက်သေးသမျှ ကာလပတ်လုံး ဖြစ်လိုက်ပျက်လိုက် ရှင်လိုက်သေလိုက်နှင့် သံသရာဝဲဂယက်ထဲမှာ လည်ပတ်နေကြ၏။

ကိလေသာတရားတို့၏ စတင်ဖြစ်ပေါ်ရာ အဝိဇ္ဇာတည်းဟူသော အကြောင်းတရားကြောင့် လိုချင်တပ်မက်ခြင်းဟူသော လောဘ၊ အမျက်ထွက်ခြင်းဟူသော ဒေါသ၊ မသိခြင်းဟူသော မောဟတရားများလည်း ဖြစ်ပေါ်နေကြကုန်၏။

ထိုကိလေသာတရားများကြောင့် ပျော်ရွှင်စရာ အာရုံများနှင့် တွေ့ကြုံသည့်အခါ ပျော်ပျော်ပါးပါး ခံစားကြ၍ ဝမ်းနည်းစရာ အာရုံများနှင့် တွေ့ကြုံသည့်အခါ ငိုကြရပြန်ကုန်၏။

"သဗ္ဗေ သင်္ခါရာ အနိစ္စာ" ဟူသော ဗုဒ္ဓမြတ်စွာ မိန့်ကြားတော်မူသည့်အတိုင်း ဤလောကတွင်ရှိသမျှ သက်ရှိသက်မဲ့ အရာအားလုံးတို့သည် အစဉ်အမြဲ တည်ရှိသည်ဟူ၍ မဖြစ်နိုင်ပါ။

"ကမ္မဿကောမှိ၊ ကမ္မဒါယာဒေါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပ္ပဋိသရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿာမိ" ဟူသော ဘုရားစကားတော်အတိုင်း လူတိုင်းခံစားနေကြရသည့် ချမ်းသာဆင်းရဲ ဝမ်းနည်းဝမ်းသာ အရာဟူသမျှတို့သည် ကံတည်းဟူသော အကြောင်းတရားကြောင့် ဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။

လောကဘုံသားများတွင် အနိစ္စဟူသော သဘောတရားများကို နိစ္စဟူ၍ အမှတ်မှားနေသော သညာဝိပ္ပလ္လာသ၊ ဒုက္ခဟူသော အကြောင်းတရားများကို သုခဟူ၍ အသိမှားနေသော စိတ္တဝိပ္ပလ္လာသ၊ အနတ္တဟူသော အကြောင်းတရားများကို အတ္တဟူ၍ အယူမှားနေသော ဒိဋ္ဌိဝိပ္ပလ္လာသ အစရှိသော ဝိပ္ပလ္လာသတရားများကြောင့် ဖြစ်ချင်သည်များ ဖြစ်မလာဘဲ မဖြစ်ချင်သော အရာများသာ ဖြစ်နေကြကုန်၏။

အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ဘုံ နှစ်ဆယ်တည်းဟူသော သုံးဆယ့်တစ်ဘုံအတွင်းသို့ ရောက်ရှိနေကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် အဝိုင်းပုံစံရှိသော ကရွတ်ခွေတစ်ခုပေါ်တွင် လှည့်ပတ်သွားနေသော ကင်းတစ်ကောင်ကဲ့သို့ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံတည်းဟူသော ဘုံသုံးပါးတို့၌ အစဉ်မပြတ် လှည့်လည်သွားလာနေကြရကုန်၏။

ထိုကဲ့သို့ လည်ပတ်နေသော သံသရာကြီးထဲမှ လွတ်မြောက်ဖို့ရန်အတွက် ကိလေသာအားလုံးတို့၏ မူလအစ ပဓာနဖြစ်သော အဝိဇ္ဇာနှင့် တဏှာတရားတို့ကို ပယ်ခွာနိုင်မှ ဖြစ်ပေလိမ့်မည်။ ထိုတရားနှစ်ပါးကို ပယ်ခွာနိုင်ရန်အတွက် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ အစရှိသော မဂ္ဂင်ရှစ်ပါး အကျင့်တရားများကို ကျင့်ကြံပွားများရပေလိမ့်မည်။

ဘဝသံသရာအတွင်း၌ ငြီးငွေ့နေသူများအားလုံး သံသရာဝဲဂယက်မှ လွတ်ထွက်နိုင်ကြပါစေ။



ဘဝသံသရာသီချင်းကို အကျယ်ချဲ့၍ ရေးသားသည်။

အရှင်ဝိမလ (ပေါက်ခေါင်း)