ပူပြင်းခြောက်သွေ့သော နွေရာသီရောက်လျှင် ကျုပ်တို့ရွာ၌ ဟိုးရှေးအခါကာလကတည်းက ရွာသူရွာသားများသည် ရေအိုးကိုယ်စီခေါင်းမှာရွက်လျှက် ရွာဦးကျောင်းသို့ ရေလှူသွားလေ့ရှိသည်။ ရေအိုးကိုယ်စီ ခေါင်းမှာရွက်၍ ရေလာလှူကြသော အပျိုချောချောများကို ကြည့်ရသည်မှာ လွန်စွာကျက်သရေရှိလှသည်။
ဟိုယခင် ကျွန်ုပ်တို့ ငယ်စဉ်က ရွာဦးကျောင်းဝန်းထဲရှိ အရှေ့စူးစူးအရပ်တွင် ဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေလွယ်ကူစေရန်အတွက် ရှေးလူကြီးများ တူးထားခဲ့သော ရေတွင်းကြီးတစ်တွင်းရှိသည်။
နွေဦးပေါက်ရာသီ ချောင်းရိုးထဲ၌ ရေခန်းသည့်အချိန်မှစ၍ တရွာလုံးနီးပါး ထိုရေတွင်းမှရေဖြင့် အသက်ရှင်ကြရ၏။
ထိုရေတွင်းကြီးမှာ ပေ ၂၀ ကျော် ၃၀ ခန့်နီးပါး အနက်ရှိသည်။ ရေတွင်းပတ်ပတ်လည်တွင် အမြဲစိမ်းနေသော ငှက်ပျောပင်ကြီးများလည်း ရှိ၏။
ငှက်ပျောပင်များကြောင့် ရေတွင်းမှရေက ပိုအေးမြသလို ရေတွင်းမှရေကြောင့်လည်း ငှက်ပျောပင်များမှာ ပိုမိုကြီးမား၍ စိမ်းလန်းနေ၏။ ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီ၏ ဟူသကဲ့သို့ပင်။
ညနေခင်း နေညိုချိန် ရေခပ်ဆင်းလာသော အပျိုချောများက ဘုန်းတော်ကြီးကျောင်းအတွက် လိုအပ်သောရေများကို အဆင်ပြေသလို လှူသွားကြသည်။ ထို့ကြောင့် သောက်သုံးရေမှာ ပူပင်စရာမလိုတော့ပေ။
သို့သော် နေအလွန်ပူပြင်း၍ ရေဓာတ်ခန်းခြောက်သော တပေါင်းတန်ခူးသို့ရောက်သောအခါ ရေအတွက် ကြောင့်ကြစိုက်ရတော့သည်။
နေပူအားကြီးလွန်းသောကြောင့် ရေတွင်းကြီးမှာလည်း ရေထွက်အားမကောင်းတော့ပေ။ ရေတစ်အိုးရရန်အတွက် နာရီဝက်တစ်နာရီခန့် ထိုင်စောင့်ရတတ်သည်။ လသာသည့် ညများတွင် ညဥ့်နက်သန်းခေါင်အချိန်ထိ ရေခပ်နေကြသူများလည်း ရှိသကဲ့သို့ မနက်လေးနာရီလောက်ထပြီး ရေခပ်ကြသူများလည်း ရှိသည်။ မိမိတို့အိမ်အတွက် ရေတစ်အိုးရရန် မလွယ်ကူသောအခါ ဘုန်းကြီးကျောင်းအတွက်လည်း
ရေမလှူနိုင်တော့ပေ။
ထို့အတွက်ကြောင့် ရွာသူရွာသားများစုပေါင်းပြီး ဘုန်းတော်ကြီးကျောင်းအတွက် ရေလှူခဲ့ကြဟန်ရှိ၏။ နွေရာသီတွင် အစဉ်အလာမပျက် ပြုလုပ်လေ့ရှိသော ကျွန်ုပ်တို့ရွာ၏ ရေလှူခြင်းဓလေ့သည်လည်း ထိုအချိန်မှစတင်ခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ ကျွန်ုပ်တို့ တောင်လည်ရွာသူဟု ပြောလိုက်လျှင် ဘုန်းတော်ကြီးကျောင်းသို့ ရေမလှူဘူးသော ရေလှူမလိုက်ဖူးသောသူ အလွန်ရှားပေလိမ့်မည်။
ယခုနောက်ပိုင်း တိုးတက်သည့်ခေတ်သို့ရောက်လာသောအခါ ရွာထဲ၌
စက်ရေတွင်းများ အပြိုင်အဆိုင်တူးကြသည်။ ပေ
၁၀၀ ဝန်းကျင်ခန့်နက်သော စက်ရေတွင်းများကြောင့် ပေသုံးဆယ်ခန့်သာရှိသော ကျောင်းရေတွင်းကြီးမှာ ရေများဆက်လက်မထွက်နိုင်တော့ပေ။ ရေမရှိတော့သောကြောင့် ဘေးပတ်ဝန်းကျင်ရှိ ငှက်ပျောပင်များလည်းမရှင်သန်နိုင်တော့ပေ။ အမြဲတမ်းစိမ်းလန်းစိုပြေနေသော ရေတွင်းပတ်ဝန်းကျင်မှာလည်း ယခုအခါ
ခြောက်ကပ်တိတ်ဆိတ်နေတော့သည်။ ညနေခင်းတိုင်း ရေခပ်ဆင်းသူများနှင့် စည်ကားနေတတ်သော ရေခပ်လမ်းလေးသည်လည်း ရေခပ်ဆင်းသူများ မရှိတော့သဖြင့် နေဝင်ပြီဆိုလျှင် တစ္ဆေခြောက်မှာပင် ကြောက်နေရပေတော့သည်။
ယခုခေတ်တွင် စက်နှိုးရုံဖြင့် ရေကောင်းရေသန့်များကို အလိုရှိသလောက် ရရှိနေလေပြီ။ သို့သော်လည်း ကျွန်ုပ်တို့ ရွာသူရွာသားများသည် ရှေးအစဉ်အလာကို မဖျက်ဘဲ ရေလှူခြင်းဓလေ့ကို ဆက်လက်ကျင့်သုံးလျှက်ရှိသည်။
မြတ်စွာဘုရားရှင်သည် ကောသလတိုင်းသို့ ဒေသစာရီကြွချီတော်မူရာ ထူဏအမည်ရသော ပုဏ္ဏားရွာသို့ ဖြတ်သွားရမည်ဖြစ်သည်။ ထိုရွာရှိလူများသည် မြတ်ဘုရားအား မကြည်ညိုသူများဖြစ်သောကြောင့်
ရွာတွင်းသို့ မဝင်ရောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးသုံး၍ ပိတ်ပင်တားဆီးခဲ့သည်။ ထို့ကြောင့် မြတ်ဘုရားနှင့် သံဃာတော်များမှာ ရွာနှင့်မလှမ်းမကမ်းသော နေရာတွင် သီတင်းသုံးနေကြသည်။
ထိုအချိန်တွင် ရေခပ်ရာမှပြန်လာသော အမျိုးသမီးငယ်တစ်ဦးသည် စည်းကမ်းအထပ်ထပ် တင်းကြပ်ထားသည့်ကြားမှပင် မြတ်ဘုရားနှင့် သံဃာတော်များအား သွားရောက်ကာ ရေလှူခဲ့လေသည်။ ရေလှူရာမှအပြန် အိမ်သို့ရောက်သောအခါ အိမ်ရှင်၏နှိပ်စက်မှုကြောင့် ရေအလှူရှင် အမျိုးသမီးငယ်လေး သေဆုံးခဲ့ရသည်။ မိစ္ဆာဒိဋ္ဌိများ အုပ်စိုးစဉ်အခါ လူဖြစ်ရခြင်းသည်ကား ဆင်းရဲလှချေ၏။
အသက်သေမည်ကိုသိသော်လည်း မိမိအသက်ကိုပင်စတေး၍ ရေလှူဒါန်းခဲ့သော အမျိုးသမီးကလေး၏ စိတ်ဓာတ်သည်ကား လေးစားထိုက်၏။ ချီးကျူးထိုက်၏။ အတုယူစရာကောင်း၏။
ကျွန်ုပ်တို့ရွာသူရွာသားများလည်း အသက်ကိုပင်စတေး၍ ရေအလှူပေးခဲ့သော ထူဏရွာသူကလေးကဲ့သို့ တောင်လည်ရွာရှိနေသရွေ့ ရေအလှူလည်း ရှိနေရမည်ဟူသောစိတ်ဓာတ်မျိုးဖြင့် တိုးကာတိုးကာ ရေလှူနိုင်ကြပြီး ရေအကျိုးဆယ်ပါးကိုလည်း မတောင်းဘဲနှင့် ပြည့်စုံနိုင်ကြပါစေ။
သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ
ဗလ၊ ဉာဏ်ပညာ
စင်ကြယ်၊ လျှင်မြန်၊ ကျော်စောသံ
ခြံရံ၊ မွတ်သိပ်ကွာ။
ရေအကျိုးများ ဤဆယ်ပါး
မှတ်သားထားသင့်တာ။
၁။ အသက်ရှည်ခြင်း
၂။ အဆင်းလှခြင်း
၃။ ချမ်းသာခြင်း
၎။ ခွန်အားကြီးခြင်း
၅။ ပညာကြီးခြင်း
၆။ စင်ကြယ်ခြင်း
၇။ လျှင်မြန်ခြင်း
၈။ ကျော်စောခြင်း
၉။ အခြံအရံများခြင်း
၁၀။ မွတ်သိပ်မှုကင်းခြင်း
အရှင်ဝိမလ (ပေါက်ခေါင်း)
No comments:
Post a Comment