မဝယ်ဘူး
မယ်ခူးတဲ့ဖက်စို။
မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ထားရတယ် အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနဲ့ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။ ။
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။ ။
မယ်ခွေ
----------------
----------------
ဆေးလိပ်လက်ဆောင် ကဗျာလေးကို တင်လိုက်တော့ သူငယ်ချင်းတစ်ယောက်က လာမေးတယ်။
"အဲဒီကဗျာထဲက ရွှေဝသွားဆိုတာ ဘာကိုခေါ်တာလဲ" တဲ့။
တကယ်တော့ အဲဒီရွှေဝသွားကြီးကို ကျွန်ုပ်လည်း သေသေချာချာ မသိပါဘူး။
ဒါပေမယ့် သိသလောက်ပြောကြည့်ပါမယ်။
ဒါပေမယ့် သိသလောက်ပြောကြည့်ပါမယ်။
ဒီကဗျာကို ရေးခဲ့တဲ့ ကဗျာဆရာ မယ်ခွေဆိုတာက ဘိုးတော်ဘုရားလက်ထက်မှာ ထင်ရှားကြော်ကြားခဲ့တဲ့ စာဆိုတော်တစ်ယောက် ဖြစ်တယ်။ ဘိုးတော်ဘုရားလက်ထက်ဆိုတော့ အင်းဝမြို့ကြီးကလည်း သာယာဝပြောနေတဲ့ အချိန်အခါပေါ့။ အင်းဝမြို့ဟောင်းက ရှေးဟောင်းအဆောင်အဦအဖြစ် ထင်ရှားနေတဲ့ မယ်နုအုဌ်ကျောင်းဆိုတာ ဘိုးတော်ဘုရားလက်ထက်မှာ နန်းမတော်ကြီးမယ်နုက ဆရာတော်ဦးဗုဓ်ကို တင်လှူပူဇော်ခဲ့တဲ့ ကျောင်းတော်ကြီး ဖြစ်တယ်။ ထိုကျောင်းကြီးများနှင့် မြို့ဟောင်းနေရာများကို ကြည့်ခြင်းအားဖြင့် ထိုခေတ်ထိုအချိန်က အင်းဝရွှေမြို့တော်ရဲ့ စည်ပင်သာယာခဲ့ပုံကို သိနိုင်ပါတယ်။ မြို့တော်ကြီးဆိုတဲ့အတိုင်း အလုပ်အကိုင်ကြောင့်ပဲဖြစ်ဖြစ် အရောင်းအ၀ယ်ကြောင့်ပဲဖြစ်ဖြစ် ရွှေမြို့တော်ကြီးကို သွားရောက်လုပ်ကိုင်ကြတဲ့သူတွေလည်း များပေလိမ့်မယ်။
နောက်ပြီး အဲဒီအချိန်တုန်းက အင်းဝကို တိုင်းသူပြည်သားတွေက ချစ်စနိုးနဲ့ ရွှေဝလို့ ခေါ်ကြဟန်တူပါတယ်။ အခုခေတ် ကိုယ့်ရွာနာမည်က နည်းနည်းဆိုးနေရင် ရွာနာမည်ကို အပြည့်အ၀မခေါ်ကြဘဲ ရှေ့ကနေ ရွှေထည့်ခေါ်သလိုမျိုးပေါ့။ တောင်တွင်းကြီးဘက်မှာ ရွာတစ်ရွာရှိတယ်။ ရွာနာမည်က "ချင်းကုန်း"။ နာမည်က ခေါ်လို့သိပ်မကောင်းတော့ ရွာကလူငယ်တွေက နာမည်ကို ပြောင်းခေါ်ကြတယ် "ရွှေချင်း" တဲ့။ အောင်လံနယ်ဘက်မှာ "နွားထား"ဆိုတဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာကိုလည်း ရွာသားတွေပြောင်းခေါ်ကြတာက "ရွှေထား" တဲ့။ အဲဒီလိုပါပဲ အင်းဝကိုလည်း ရွှေဝလို့ ခေါ်ကြဟန်တူပါတယ်။
ဒီကဗျာလေးက ရွှေဝမှာ အလုပ်လုပ်နေတဲ့ သို့မဟုတ် ရွှေဝကို သွားမယ့် ဆေးလိပ်သမား ငယ်ချစ်မောင်ကြီးကို ချစ်ဇနီးချောလေးက ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ သူကိုယ်တိုင်လိပ်ထားတဲ့ ဆေးလိပ်လက်ဆောင် ပါးလိုက်တဲ့အကြောင်း ရေးဖွဲ့ထားတဲ့ကဗျာလေးပါပဲ။
အဲဒါကြောင့် ရွှေဝသွားဆိုသည်မှာ အင်းဝကိုသွားတဲ့ လူတစ်ယောက်ယောက်ကို ဆိုလိုသည်ဟု ထင်မြင်မိပါကြောင်း။
ကိုပေါက်ခေါင်း
No comments:
Post a Comment