ဒီအချိန်ဆိုရင် ပေါက်ပင်တွေ အရမ်းပေါတဲ့
တို့ပေါက်ခေါင်းမှာ ပေါက်ပွင့်တွေ ဗြောင်းဆန်အောင် ပွင့်နေပေတော့မည်။
ရှေးအခါက လယ်တောများ ၀န်းရံနေသော ကုန်းကလေးအထက်တွင်
ပေါက်ပင်ကြီးတစ်ပင် ခန့်ညားစွာ ပေါက်နေ၏။ ထိုပေါက်ပင်ကြီး၌
အဘယ်အကြောင်းကြောင့်မှန်းမသိဘဲ အခေါင်းကြီးတစ်ခု ဖြစ်နေ၏။
အချိန်ကာလ ကြာသောအခါ ထိုပေါက်ပင်ကြီးရှိရာ
ကုန်းလေးပေါ်တွင် အနီးအပါးမှလူများ လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြ၏။
လူအများစုဝေးနေထိုင်ရာမှ ရွာကလေးတစ်ရွာ ဖြစ်လာ၏။ ထိုရွာကလေးမှ ကြာသောအခါ
မြို့လေးတစ်မြို့ ဖြစ်ပေါ်လာခဲ့သည်။
ထိုမြို့လေးမှာ ကျွန်ုပ်၏ မွေးရပ်ဇာတိဖြစ်သော
မြို့လေးပင် ဖြစ်တော့သည်။ အခေါင်းရှိသော ပေါက်ပင်ကြီး ရှိရာအရပ်မှာ တည်ထားသောမြို့
ဖြစ်သောကြောင့် ပေါက်ခေါင်းမြို့ဟု ခေါ်တွင်ခဲ့ကြောင့် ရှေးလူကြီးသူမများ
ပြောကြားခဲ့သော ပါးစပ်ရာဇ၀င်အရ မှတ်သားခဲ့ဖူးသည်။
(တကယ်ဟုတ်မဟုတ်တော့ မသေချာ၊ သေချာတာတစ်ခုကတော့ ကျွန်ုပ်၏
သူငယ်ချင်းများ ထင်နေသကဲ့သို့ အပေါက်ရှိသော အခေါင်းကတော့ မဟုတ်တန်ရာ)
ကျွန်ုပ်တို့ ပေါက်ခေါင်းဒေသ၌ ရှေးကာလမှစ၍ ယခုအထိတိုင်
ပေါက်ပင်များ ပေါများစွာ ပေါက်ရောက်လျက် ရှိ၏။ ယခုအချိန်ဆိုလျင်
ပေါက်ခေါင်းမြို့နယ်ထဲကို ၀င်လိုက်သည်နှင့် လမ်းဘေးဝဲယာရှိ ပေါက်ပင်များတွင်
ရဲရဲနီနေသော ပေါက်ပန်းပွင့်များသည် ပေါက်ခေါင်းမြို့ကြီး၏ အလှကို တန်ဆာဆင်လျက်
ရှိ၏။
ထိုပေါက်ပင်များပေါ်တွင် ပေါက်ပန်းပွင့်များ၏
ပန်းဝတ်ရည်ကို စုပ်ယူစားသုံးနေကြသော ဆက်ရက်ငှက်များ၊ ကြက်တူရွေးများ၊
ဘုတ်ဖင်နီငှက်များ၏ ပျော်ရွှင်မြူးတူးစွာ အော်ဟစ်နေကြသော အသံများလည်း စီစီညံလျက်
ရှိနေပေ၏။
တပို့တွဲလသည် ဆောင်းရာသီမှ နွေရာသီသို့ ကူးပြောင်းစကာလ
ဖြစ်သည်။ ဒီရာသီတွင် မြောက်အရပ်မှ တိုက်ခတ်နေသော လေများသည် တောင်အရပ်သို့
ပြန်လည်ရွှေ့ပြောင်း တိုက်ခတ်နေသော အချိန်လည်း ဖြစ်၏။
ရာသီလေမှာ မြောက်အရပ်မှ တိုက်သည်လည်း မဟုတ်။
တောင်အရပ်သို့လည်း မရောက်သေး။ ဟိုမရောက် ဒီမရောက်ဖြစ်၍ လယ်ကွင်းပြင်များပေါ်တွင်
လေပွေလိမ်များကို မကြာခဏ မြင်တွေ့ရသော အချိန်ကာလလည်း ဖြစ်သည်။
ဆိုရလျှင် တပို့တွဲလ အချိန်အခါသည် အလွန်တရာပင်
ခွကျကျနိုင်သော လရာသီတစ်ခု ဖြစ်၏။ ဥတုမှာလည်း ဆောင်းဥတုလည်းမဟုတ် နွေဥတုလည်း
မကျတတ်သေး။ လေကြောင်းသည်လည်း မြောက်အရပ်၌လည်း မဟုတ် တောင်အရပ်သို့လည်း မရောက်သေး။
အေးသည်ဟုလည်း မဆိုသာ ပူသည်ဟုလည်း မပြောနိုင်သေးသော အချိန်ဖြစ်၏။
ထိုရာသီဥတုနှင့် လေကြောင်းတို့ကဲ့သို့ ခွကျကျနိုင်သော
လူသားတစ်ယောက်လည်း လူ့လောကတွင် ရှိနေသေး၏။
ထိုသူသည် ဒီဆောင်းတွင်း၌ ငယ်စဉ်ကတည်းက
ချစ်ကျွမ်းဝင်ခဲ့သော ရွှေနွယ်ရိုးလေးနှင့် တူနှစ်ဖြာ ဂဟေဆက်ဖို့အတွက်
ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း ရာသီတွေသာ ပြောင်းလဲသွားခဲ့သည်။ သူ၏
ရည်မှန်းချက်ကား အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်မလာခဲ့ပေ။
ထိုကဲ့သို့ လွဲလာခဲ့သော ရာသီပေါင်းလည်း မနည်းတော့ပြီ။
ယခုလည်း ဆောင်းတွင်းတစ်ခုကို ထပ်မံလွဲချော်ခဲ့ရပြန်လေပြီ။ အဘယ်ကဲ့သို့
တတ်နိုင်ပါမည်နည်း။ အခါမမီသေးတော့လည်း ယာယီတော့ ခွဲခွာနေကြရဦးမည်ပေါ့ မောင့်
ရွှေနွယ်ရိုးရေ…….
ကိုပေါက်ခေါင်း
တပို့တွဲ
ပေါက်လဲရယ်တဲ့ငုံစီစီ
ဖူးတံကချီ။
သည်ရာသီ
ဗာဟီကပြောင်း။
ပျိုတို့မောင်ရွှေသျောင်တွဲ(ငယ်နဲ့)
ခါမမှီယာယီခွဲ(လို့ရယ်)
လွဲပေါ့သည်ဆောင်း။
ရှေးစာဆို
No comments:
Post a Comment