Tuesday, February 28, 2017

သစ်ပင်နှင့်လူသား

သစ်ပင်မှန်သမျှ
အာကာသ ကောင်းကင်ထက်
လုတက်ကြတာချည်းပဲ။

မြေအောက်ငုံ့လျှိုး
အ၀ီစိအိုးဆီ ထိုးဆင်းဖို့
အလျဉ်းမကြိုးစား
သစ်ပင်၏ နိယာမတရားလည်းမဟုတ်။

သို့သော်
စိတ်ဓာတ်သိမ်ဖျင်း
အရည်အချင်းသုည
အာကာသမှန်း အ၀ီစိမှန်းမသိ
နတ္ထိလူသား တချို့ဟာ
မြေကြီးထဲသို့ဆင်းဖို့ ကြိုးစားကြတယ်။

သစ်ပင်လောက်မှ
ဘ၀အပင် မပေါက်တတ်တဲ့လူစား
မျက်ဝါးထင်ထင် တွေ့မြင်တတ်သေးရဲ့
ကလေးကအစ သိကြသည်။


တင်မိုး

မာနမဲ့စွာ

ပြက်ရယ်မှုကို ခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ
စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကို ခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ
မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကို ခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှ
မငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကို ခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာ ပူပန်ရသော်လည်း
မည်သည့်အခါမှ
မေ့လျော့၍ မရနိုင်ပါလေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို
ပေးအပ်ထားခဲ့သောကြောင့်တည်း။


မောင်စိန်ဝင်း (ပုတီးကုန်း)

တန်ဖိုးရှိတဲ့ မိန်းမဆိုတာ

ပွဲသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး...။

ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်...။

ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ...။

အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး...။

ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင်...။

စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ...။

ဒီလိုပဲ..
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ...။ ။


မင်းလူ

အမည်မဖော်လိုတဲ့ကဗျာ

ကဗျာမစပ်ရတာကြာရင်
ငါ့ရင်ဘတ်တွေ အောင့်အောင့်လာတယ်။

ဇီဝဇိုးငှက်တစ်ကောင်ရဲ့ 
အန်ဖတ်လောက်တောင်
ဆေးဖက်ဝင်မနေမှတော့
ပျို့ ပျို့ တက်လာတဲ့ ဒီရင်ဘတ်ကို
ဦးနှောက်ကသတ်ပစ်တာ မဆန်းပါဘူး။

ဖန်တရာတေခေါက်ရိုးကျိုးနေတဲ့
ဒို့ဘိုးဘွားဘီဘင်တွေ
ရှာခဲ့ဖွေခဲ့ ဖော်ထုတ်ထားတဲ့
ရှိနေပြီးသား သစ္စာတရား
ရှိနေပြီးသား အလှတရားထက်
တစ်ပြားသားမှ မပို
ငါကိုယ်ငါ ကဗျာဆရာဖြစ်ရောလား။

ဒါပေမယ့်
ကဗျာကို သံစဉ်ထည့်ပြီး
တေးချင်းအမျိုးမျိုးတွေ ဖွဲ့ သီ
ဟောဒီ ကမ္ဘာမြေတစ်ခွင်ဆီမှာ
ဥဩတွေ တွန်ကျူးနေကြတယ်
ကျေးငှက်တွေ အော်ဟစ်နေကြတယ်
စမ်းချောင်းနဲ့ ရေတံခွန်တို့
တသွင်သွင် တသွန်းသွန်း
ခွန်းချင်းတွေ ဖလှယ်နေကြတယ်။

တစ်ပုဒ်လုံးအထိ မလိုပါဘူး
ကဗျာတစ်ကြောင်းကောင်းရုံနဲ့ 
ခေါင်းလောင်းတဒင်ဒင် ထိုးပစ်လို့ရတယ်။

တကယ်ပါ
“ယေဓမ္မာ ဟေတုပ္ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။”
ဒီကဗျာ နှစ်ပါဒနဲ့တင်
ဟိုရှေးယခင်က
ဥပတိဿ နဲ့ ကောလိတ တို့ 
နိဗ္ဗာန်တံခါးကို တွန်းဝင်ခဲ့ကြဖူးတယ်။

နောက်ပြီး “အပ္ပမာဒေါ အမတံ ပဒံ” အစခံ
အဲဒီကဗျာသံဟာလည်း
(တချိန်တခါက)
ရှင်အရဟံ နဲ့ အနော်ရထာ
သီရိဓမ္မာ နဲ့ နိဂြောဓ
စတဲ့ စတဲ့ သူတွေကို
တူညီတဲ့ စိတ်ထားနဲ့
အလင်းတံခါးတွေ ဖွင့်လှစ်စေခဲ့တယ်။

တကယ်တော့
“ကဗျာဆိုတာ
နှလုံးသားပင်လယ်ပြင်မှာ
ခံစားမှု လှိုင်းတံပိုး ရိုက်ခတ်မှုဒဏ်ကြောင့်
ဦးနှောက်ကမ်းစပ်ယံ၌
လာရောက်ထိမှန်နေရသော
ရေမှုံရေမွှား 
ဒသန အသေးစားကလေးများပင်ဖြစ်သည်" တဲ့
အဲဒီလို …… လူတစ်ယောက်က
တက်ခေါက်ပြီး ပြောခဲ့ဖူးတယ်။

အခု အဲဒီလူတစ်ယောက်ဆိုတဲ့
ဟောဒီလူကြီးကပဲ……

အင်း ……
တခါတခါ
ကဗျာမစပ်ရတာ ကြာရင်
ငါ့ရင်ဘတ်တွေ အောင့်အောင့်လာတယ်။


ဩဂတ်မင်းသိဟ်

ပန်းပန်လျက်ပဲ

ညိုပြာပြာ
လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာ ဆင်း။

ဆင်းရလ
ည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ။

အဆင်းနဲ့အလာ
ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့နံဘေး
စောင့်ခဲ့ရသေး။

စောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ။

မြုပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။

ဘဲအုပ်မှာ တစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ။


ဆရာဇော်ဂျီ

ချိုပေစွဟင်းချို

တောင်ခါးပန်းရယ်နှင့်
ခင်တန်းကုန်းငယ်မြောင်
ကျော့ကွင်းကိုထောင်သည် 
ခွေးညီနောင် တခင်ခင်နှင့်
ယုန်ရှင်ကို ဖမ်းခဲ့ပ           
လေးထမ်းတဲ့သည်ဖေကို
တဲအိမ်နေကြင်သူက        
တအူအူ ဟစ်ခေါ်လို့
အမှာတော်ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင်၊ အကျွန် ကျွန်ုပ်
ယုန်တတုတ်ကို၊ ခွာဆုတ်ရေလှန်
ကျပ်ခိုးခံလို့၊ ပန်းရန်န၀ါ
ရွက်နုညှာကို၊ ၀ါးပြာထည့်ကျို
အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ
ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်
ချိုပေစွ ဟင်းချိုကို
စလောင်းတိုအခြေပဲ့ရယ်နှင့်
အာခေါင်မှာ ပူအောင်ထည့်လို့
မျိုလှဲ့ကွဲ့လေး။


ရှေးစာဆို

သင်သေသွားသော်

လူ့ပြည်လောက  
လူ့ဘ၀ကား
အိုရနာရ 
သရဦးမည်
မှန်ပေသည်တည့်။ 

သို့တပြီကား 
သင်သေသွားသော်
သင်ဖွားသောမြေ 
သင်တို့မြေသည်
အခြေတိုးမြင့်  
ကျန်ကောင်းသင့်၏။  

သင်၏မျိုးသား 
စာစကားလည်း
ကြီးပွားတက်မြင့် 
ကျန်ကောင်းသင့်၏။ 

သင်ဦးချ၍ 
အမျှဝေရာ
စေတီသာနှင့် 
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း 
ပြောင်လျက်ဝင်းလျက်
ကျန်စေသတည်း။

ဇော်ဂျီ

ဘူကုလား

အသွင်ရိုင်းစွာ
ပရိုဖိုင်းမှာအမှောင်ချိန်းလို့
ပိန်းလိုက်တဲ့သူတို့သွင်က
မြင်လို့မကောင်း။

အယူခြားရာ
ဘူကုလားကိုအဖေတော်ဖို့
နွားသာသာအတွေးအခေါ်နဲ့
အော်လို့သာဟစ်နေခြင်းကြောင့်

စိတ်ညစ်ပေတောင်း။

ကိုပေါက်ခေါင်း

သံယောဇဉ်နှင်းဆီပန်း

စားဖွယ်သောက်ရာ
လျှာဖျားမှာမြိန်ရည်ယှက်တော့
လက်တွဲဖော်ငယ်ဆွေကျွမ်းကို
တမ်းတမိသား။

မွဲချက်ကနာ
စွဲမက်စရာငါးပိရယ်မှ
ယောင်လို့ပင်ငါ့မှာမရှိတော့
သိကျွမ်းကာခင်မင်ရတဲ့
သံယောဇဉ်နှင်းဆီပန်းကို
မှန်းဆနိုင်အား။

ကိုပေါက်ခေါင်း

Monday, February 27, 2017

ပြန်လာခဲ့ပါ

ရင်မှာတိတ်ဆိတ်
လွမ်းတဲ့စိတ်ကြောင့်
အိပ်ပျက်ညတွေ
များခဲ့ပြီ။

ရယ်သံတွေနှုတ်ပိတ်
ကြိတ်ငိုခဲ့ရတာ
များခဲ့ပြီ။

စိတ်မှာပင်ပန်း
မင်းမရှိတော့
ပန်းကလေးတွေတောင်
နွမ်းခဲ့ပြီ။

အရင်က
အချစ်ဆိုတာ
ငါမယုံခဲ့
မင်းနဲ့တွေ့မှ
စံပယ်ခြုံတွေတောင်
ပွင့်လာခဲ့ရပြီ။

ပန်းကလေးတွေကို
အနမ်းပေးဖို့
ပြန်လာခဲ့ပါ။

မျက်ရည်စီးကြောင်း
အပြုံးအဖြစ်ပြောင်းပေးဖို့
ပြန်လာခဲ့ပါ။

မင်းပြန်လာမှ
အငိုတိတ်မယ်။

မင်းချော့သိပ်မှ
ငါအိပ်မယ်။

ကျေးဇူးပြု၍
သနားသဖြင့်
ပြန်လာခဲ့ပါ
ချစ်သူ။


ကိုပေါက်ခေါင်း

Saturday, February 25, 2017

မြန်မာအိုင်ဒေါနှင့် အကျိုးရလာဒ်

ယခုတလော မြန်မာလူမျိုးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ဝေါဟာရတစ်ခုကို ပြပါဆိုလျှင် Myanmar Idol ဆိုသော အရာကြီးကို လက်ညှိုးထိုးပြရပေလိမ့်မယ်။

တခြားသူတွေ ဘယ်လောက်ပင် စိတ်ဝင်စားနေပါစေ ကျွန်ုပ်ကတော့ ထိုမြန်မာအိုင်ဒေါဆိုသော အရာကြီးကို နည်းနည်းလေးမှ စိတ်ဝင်မဝင်စားခဲ့ပါဘူး။

သို့သော် ပြီးခဲ့တဲ့ ကြာသပတေးနေ့ညမှာ အပျင်းပြေ ဖေ့ဘုတ်ကြည့်နေရင်း တစ်ချိန်တုန်းက နာမည်ကြော်ကြား လူကြိုက်များခဲ့တဲ့ အဆိုတော် ကိုဝင်းဦး ဆိုထားတဲ့ မမမိုးသီချင်းကို အားရပါးရ ပိုင်ပိုင်နိုင်နိုင်ဆိုနေတဲ့ ဝတုတ်တုတ်နဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။

သူဆိုတာကို သဘောကျလို့ ဘယ်အတွက်ကြောင့် ဘယ်မှာဆိုနေတာလဲဆိုတာကို မွှေကြည့်လိုက်တော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဝါသနာရှင် လူငယ်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတယ်။

သားငယ်ဆိုထားတဲ့ မမမိုးသီချင်းကိုကြည့်ပြီး မြန်မာအိုင်ဒေါကို ကျွန်ုပ်စပြီး စိတ်ဝင်းစားခဲ့တယ်။ သူနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကိုလည်း နည်းနည်းဝင်လေ့လာခဲ့တယ်။ နောက် သောကြာနေ့မှာ တင်ဆက်တဲ့ မြန်မာအိုင်ဒေါရဲ့ Result Show ကို ဆက်ကြည့်ဖြစ်တယ်။

အဲဒီပွဲမှာ မောင်တို့ချယ်ရီမြေသီချင်းကို ကျကျနနဆိုနိုင်ခဲ့တဲ့ ဇင်ကြီးတစ်ယောက် ပြိုင်ပွဲက ထွက်လိုက်ရတယ်။

ဇင်ကြီးက ဘာဖြစ်လို့ ပြိုင်ပွဲက ထွက်ခဲ့ရတာလဲ။ အဆိုမကောင်းလို့လား။ အသံမကောင်းလို့လား။ အမူအယာ မလုပ်တတ်လို့လား။ အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ ဇင်ကြီး ပြိုင်ပွဲက ထွက်ရတာဟာ သူ့အတွက် ပရိသတ်ကပေးတဲ့မဲ အနည်းဆုံး ရလို့ပါတဲ့။

အဲဒီမှာထပ်ပြီး စိတ်ဝင်စားမိတာက ပရိသတ်က ဘယ်လိုမျိုး မဲပေးကြတာလဲဆိုတဲ့ မဲပေးပုံ နည်းစနစ်ပါပဲ။
မဲပေးနည်းစနစ်ကတော့ MPT ကဒ်ထည့်ထားတဲ့ ဖုန်းနဲ့ ကိုယ်ကြိုက်တဲ့ ပြိုင်ပွဲဝင်ရဲ့ နံပါတ်ကို မက်ဆေ့ပို့ပေးရတာပါပဲ။ မက်ဆေ့ပို့တဲ့နေရာမှာ အကြိမ်ရေ ကန့်သတ်ထားခြင်း မရှိပါဘူး။ ကိုယ်ကြိုက်သလောက် ပို့လို့ရပါတယ်။ ဖုန်းတစ်လုံးတည်းနဲ့ ကိုယ့်မှာပိုက်ဆံရှိရင် ရှိသလောက် မဲပေးလို့ရပါတယ်။ အကြိမ်ရေ သန်းချီပြီး ပေးလို့လည်း ဖြစ်ပါတယ်။

နောက်မဲပေးနည်းတစ်ခုကတော့ ဖေ့ဘုတ်ကနေ ပေးခြင်းပါပဲ။ ဖေ့ဘုတ်က မဲပေးမယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိပါတယ်။ အကောင့်တစ်ခုကို မဲတစ်ခုပဲ ပေးခွင့်ရှိပါတယ်။

ဖုန်းနဲ့ မက်ဆေ့ပို့ပြီး မဲပေးတာကျ ကြိုက်သလောက် ပေးလို့ရပြီး ဖေ့ဘုတ်ကနေ မဲပေးတာကျတော့ အကောင့်တစ်ခုကို တစ်ခါပဲ ပေးခွင့်ရှိရတာလဲ။ ဘာပြုလို့ ကိုယ်ကြိုက်သလောက် ပေးခွင့်မရှိရတာလဲ။ စဉ်းစားစရာပါပဲ။

အမေရိကန် အိုင်ဒေါမှာတော့ လူတစ်ယောက်ကို မဲအရေအတွက် ဆယ်မဲပဲ ပေးခွင့်ရှိတယ်။ မြန်မာအိုင်ဒေါမှာတော့ မဲအရေအတွက် အကန့်အသတ် မရှိဘူး။ အဲဒီကွာခြားခြင်းရဲ့ အကျိုးရလာဒ်က ဘာတွေ ဖြစ်လာမလဲ။

မြန်မာအိုင်ဒေါရဲ့ ဒိုင်လူကြီး ဦးသိန်းတန်ကတော့ ပြောပါတယ်။ နိုင်ငံကြီးသားပီပီ တကယ်အရည်အချင်းရှိတဲ့လူကို မဲပေးကြပါတဲ့။ သူပြောတဲ့အတိုင်း လိုက်နာကြပါရဲ့လား။ အနည်းစုအနေနဲ့ လိုက်နာကောင်း လိုက်နာကြလိမ့်မယ်။ ဒါပေမယ့် အများစုကတော့ လိုက်နာကြလိမ့်မည် မထင်။

မဲပေးတဲ့လူတွေအနေနဲ့ "မျက်နှာကြီးရာ ဟင်းဖတ်ပါ" ဆိုတဲ့ စကားပုံအတိုင်း မျက်နှာကြီးတဲ့လူကို မဲများများ ဝိုင်းပေးကြမှာပါပဲ။ မျက်နှာကြီးတဲ့လူတွေ မဲများများ ရမယ်။ ချမ်းသာကြွယ်ဝတဲ့လူတွေ မဲများများ ရနိုင်ပါတယ်။

"ခွေးချင်းကိုက်တောင်မှ ကိုယ့်ခွေးကို နိုင်စေချင်တယ်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကိုယ့်အမျိုးကိုပဲ မဲပေးကြမှာပါပဲ။ ကိုယ့်ရွာသား၊ ကိုယ့်မြို့သား၊ ကိုယ့်နယ်သားကိုပဲ မဲပေးကြမှာပါပဲ။ ဆွေမျိုးအသိုင်းအဝိုင်း တောင့်တင်းတဲ့လူတွေ မဲများများ ရနိုင်ပါတယ်။ နယ်ပယ်ကျယ်ဝန်းတဲ့လူတွေ မဲများများ ရနိုင်ပါတယ်။

ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ ဘယ်လောက်ပဲ အသံကောင်းကောင်း၊ ဘယ်လောက်ပဲ အဆိုကောင်းကောင်း မျက်နှာမကြီးရင် ငွေမရှိရင် အသိုင်းအဝိုင်း မတောင့်တင်းရင် မြန်မာအိုင်ဒေါမှာ ဆုရလိမ့်မည် မဟုတ်ပါ။

မြန်မာအိုင်ဒေါ ဆိုတာ ဘာပြိုင်ပွဲလဲ။ ဘာအတွက် ယှဉ်ပြိုင်နေကြတာလဲ။ ဘာကို လိုချင်လို့လဲ။ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ။

သူတို့တွေက ပြောကြတယ်။ မြန်မာပြည်အတွက် စွယ်စုံထူးချွန်တဲ့ အဆိုပညာရှင်တွေ ပေါ်ထွက်စေဖို့ပါတဲ့။ သူတို့ပြောတဲ့ ရည်ရွယ်ချက်နဲ့ သူတို့လုပ်နေတာ ကိုက်ညီမှု ရှိပါရဲ့လား။

MPT ကို မက်ဆေ့တစ်စောင်ပို့ရင် ဘယ်လောက်ကုန်ကျပါသလဲ။ အဲဒီကုန်ကျတဲ့ ပိုက်ဆံကို ဘယ်သူတွေ ရနေသလဲ။

မက်ဆေ့များများပို့ရင် ကိုယ်အားပေးတဲ့လူ နိုင်တာတော့ ဟုတ်တယ်။ ဒါပေမယ့် ပိုက်ဆံတော့ များများကုန်မယ်။ အဲဒီကုန်သွားတဲ့ ပိုက်ဆံတွေကို ဘယ်သူတွေ ယူနေကြပါသလဲ။

သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ဒီပြိုင်ပွဲကြီးက တို့ပြည်သူတွေဆီက ပိုက်ဆံတွေကို ချူစားနေတဲ့ ပွဲကြီးပါပဲ။

အဝေးကနေ ကြည့်လိုက်ရင် ဟုတ်သလိုလို ထင်ရတယ်။ ဒါပေမယ့် အပြင်ပန်းကသာ လှပေမယ့် အတွင်းမှာ ပုပ်နေတဲ့ ကျီးအာသီးကြီးလို ဖြစ်နေတယ်။

အဲဒါတွေဟာ မဲပေးတဲ့ လူတွေရဲ့ အပြစ်မဟုတ်သလို ပြိုင်ပွဲဝင်သူတွေရဲ့ အပြစ်လည်း မဟုတ်ပါဘူး။ အကဲဖြတ်တဲ့ ဒိုင်လူကြီးတွေရဲ့ အပြစ်လည်း မဟုတ်ပါဘူး။

အဓိက မှားနေတာကတော့ လူတစ်စုအတွက် ငွေရဖို့သက်သက်ပဲ ဖန်တီးထားတဲ့ ဒီပြိုင်ပွဲကြီးရဲ့ မဲပေးပုံ နည်းစနစ်ကြီးပါပဲ။

အဲဒီနည်းစနစ်ကြီးကို မပြင်သရွေ့တော့ ဒီပြိုင်ပွဲကြီးကနေ ဘာပညာရှင်မှ ပေါ်ထွက်လာမှာ မဟုတ်သလို အနိုင်ဆု ရသွားတဲ့လူတွေကိုလည်း ဘယ်သူကမှ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

နောက်ဆုံးအနေနဲ့ မလွဲမသွေ ရရှိလာမယ့် အကျိုးရလာဒ်တစ်ခုကတော့ တို့ပြည်သူတွေ ဆင်းရဲသထက် ဆင်းရဲ မွဲသထက် မွဲပြီး လူတစ်စုကတော့ ချမ်းသာသထက် ချမ်းသာလာကြဦးမှာပါပဲဆိုတာကို မြင်ယောင်နေမိပါကြောင်း . . .

သီချင်းကိုအဆိုပြိုင်
အိုင်ဒေါလို့ဆိုပဲ။

ငွေချူကာပြည်သူအများကို
ရိုက်စားတဲ့ပွဲ။


ကိုပေါက်ခေါင်း

Thursday, February 23, 2017

ဒသက

၁။ မန္ဒဒသက  = အသိဥာဏ်နုံသောအရွယ် (၁၀-နှစ်အတွင်း)

၂။ ခိဋ္ဋာဒသက = မြူးထူးပျော်ပါးတတ်သောအရွယ် (၂၀-နှစ်အတွင်း)

၃။ ၀ဏ္ဏဒသက = ရုပ်ရည်အဆင်းလှပသောအရွယ် (၃၀-နှစ်အတွင်း)

၎။ ဗလဒသက = ခွန်အားပြည့်ဝသောအရွယ် (၄၀-နှစ်အတွင်း)

၅။ ပညာဒသက = ဥာဏ်ပညာကြီးသောအရွယ် (၅၀-နှစ်အတွင်း)

၆။ ဟာနိဒသက = အင်အားလျော့လာသောအရွယ် (၆၀-နှစ်အတွင်း)

၇။ ပဗ္ဘာရဒသက = ယိမ်းယိုင်လာသောအရွယ် (၇၀-နှစ်အတွင်း)

၈။ ၀င်္ကဒသက = ခန္ဓာကိုယ် ကုန်းကော့လာသောအရွယ် (၈၀-နှစ်အတွင်း)

၉။ မောမူဟဒသက = မိန်းမောတွေဝေလာသောအရွယ် (၉၀-နှစ်အတွင်း)

၁၀။ သယနဒသက = အိပ်ရာထဲ လဲလျောင်းရသောအရွယ် (၁၀၀-နှစ်အတွင်း)

ပေါက်ခေါင်းနှင့် တပို့တွဲလ

ဒီအချိန်ဆိုရင် ပေါက်ပင်တွေ အရမ်းပေါတဲ့ တို့ပေါက်ခေါင်းမှာ ပေါက်ပွင့်တွေ ဗြောင်းဆန်အောင် ပွင့်နေပေတော့မည်။

ရှေးအခါက လယ်တောများ ၀န်းရံနေသော ကုန်းကလေးအထက်တွင် ပေါက်ပင်ကြီးတစ်ပင် ခန့်ညားစွာ ပေါက်နေ၏။ ထိုပေါက်ပင်ကြီး၌ အဘယ်အကြောင်းကြောင့်မှန်းမသိဘဲ အခေါင်းကြီးတစ်ခု ဖြစ်နေ၏။

အချိန်ကာလ ကြာသောအခါ ထိုပေါက်ပင်ကြီးရှိရာ ကုန်းလေးပေါ်တွင် အနီးအပါးမှလူများ လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြ၏။ လူအများစုဝေးနေထိုင်ရာမှ ရွာကလေးတစ်ရွာ ဖြစ်လာ၏။ ထိုရွာကလေးမှ ကြာသောအခါ မြို့လေးတစ်မြို့ ဖြစ်ပေါ်လာခဲ့သည်။

ထိုမြို့လေးမှာ ကျွန်ုပ်၏ မွေးရပ်ဇာတိဖြစ်သော မြို့လေးပင် ဖြစ်တော့သည်။ အခေါင်းရှိသော ပေါက်ပင်ကြီး ရှိရာအရပ်မှာ တည်ထားသောမြို့ ဖြစ်သောကြောင့် ပေါက်ခေါင်းမြို့ဟု ခေါ်တွင်ခဲ့ကြောင့် ရှေးလူကြီးသူမများ ပြောကြားခဲ့သော ပါးစပ်ရာဇ၀င်အရ မှတ်သားခဲ့ဖူးသည်။

(တကယ်ဟုတ်မဟုတ်တော့ မသေချာ၊ သေချာတာတစ်ခုကတော့ ကျွန်ုပ်၏ သူငယ်ချင်းများ ထင်နေသကဲ့သို့ အပေါက်ရှိသော အခေါင်းကတော့ မဟုတ်တန်ရာ)

ကျွန်ုပ်တို့ ပေါက်ခေါင်းဒေသ၌ ရှေးကာလမှစ၍ ယခုအထိတိုင် ပေါက်ပင်များ ပေါများစွာ ပေါက်ရောက်လျက် ရှိ၏။ ယခုအချိန်ဆိုလျင် ပေါက်ခေါင်းမြို့နယ်ထဲကို ၀င်လိုက်သည်နှင့် လမ်းဘေးဝဲယာရှိ ပေါက်ပင်များတွင် ရဲရဲနီနေသော ပေါက်ပန်းပွင့်များသည် ပေါက်ခေါင်းမြို့ကြီး၏ အလှကို တန်ဆာဆင်လျက် ရှိ၏။

ထိုပေါက်ပင်များပေါ်တွင် ပေါက်ပန်းပွင့်များ၏ ပန်းဝတ်ရည်ကို စုပ်ယူစားသုံးနေကြသော ဆက်ရက်ငှက်များ၊ ကြက်တူရွေးများ၊ ဘုတ်ဖင်နီငှက်များ၏ ပျော်ရွှင်မြူးတူးစွာ အော်ဟစ်နေကြသော အသံများလည်း စီစီညံလျက် ရှိနေပေ၏။

တပို့တွဲလသည် ဆောင်းရာသီမှ နွေရာသီသို့ ကူးပြောင်းစကာလ ဖြစ်သည်။ ဒီရာသီတွင် မြောက်အရပ်မှ တိုက်ခတ်နေသော လေများသည် တောင်အရပ်သို့ ပြန်လည်ရွှေ့ပြောင်း တိုက်ခတ်နေသော အချိန်လည်း ဖြစ်၏။

ရာသီလေမှာ မြောက်အရပ်မှ တိုက်သည်လည်း မဟုတ်။ တောင်အရပ်သို့လည်း မရောက်သေး။ ဟိုမရောက် ဒီမရောက်ဖြစ်၍ လယ်ကွင်းပြင်များပေါ်တွင် လေပွေလိမ်များကို မကြာခဏ မြင်တွေ့ရသော အချိန်ကာလလည်း ဖြစ်သည်။

ဆိုရလျှင် တပို့တွဲလ အချိန်အခါသည် အလွန်တရာပင် ခွကျကျနိုင်သော လရာသီတစ်ခု ဖြစ်၏။ ဥတုမှာလည်း ဆောင်းဥတုလည်းမဟုတ် နွေဥတုလည်း မကျတတ်သေး။ လေကြောင်းသည်လည်း မြောက်အရပ်၌လည်း မဟုတ် တောင်အရပ်သို့လည်း မရောက်သေး။ အေးသည်ဟုလည်း မဆိုသာ ပူသည်ဟုလည်း မပြောနိုင်သေးသော အချိန်ဖြစ်၏။

ထိုရာသီဥတုနှင့် လေကြောင်းတို့ကဲ့သို့ ခွကျကျနိုင်သော လူသားတစ်ယောက်လည်း လူ့လောကတွင် ရှိနေသေး၏။

ထိုသူသည် ဒီဆောင်းတွင်း၌ ငယ်စဉ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့သော ရွှေနွယ်ရိုးလေးနှင့် တူနှစ်ဖြာ ဂဟေဆက်ဖို့အတွက် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း ရာသီတွေသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ရည်မှန်းချက်ကား အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်မလာခဲ့ပေ။

ထိုကဲ့သို့ လွဲလာခဲ့သော ရာသီပေါင်းလည်း မနည်းတော့ပြီ။ ယခုလည်း ဆောင်းတွင်းတစ်ခုကို ထပ်မံလွဲချော်ခဲ့ရပြန်လေပြီ။ အဘယ်ကဲ့သို့ တတ်နိုင်ပါမည်နည်း။ အခါမမီသေးတော့လည်း ယာယီတော့ ခွဲခွာနေကြရဦးမည်ပေါ့ မောင့် ရွှေနွယ်ရိုးရေ…….

ကိုပေါက်ခေါင်း


တပို့တွဲ
ပေါက်လဲရယ်တဲ့ငုံစီစီ
ဖူးတံကချီ။

သည်ရာသီ
ဗာဟီကပြောင်း။

ပျိုတို့မောင်ရွှေသျောင်တွဲ(ငယ်နဲ့)
ခါမမှီယာယီခွဲ(လို့ရယ်)
လွဲပေါ့သည်ဆောင်း။


ရှေးစာဆို

မွေးရပ်မြေ

မုတ်သုန်လေရူး၊သွင်သွင်မြူးသည့်
နွေဦးကာလ၊ သမယတွင်
ရွာအဝင်မှ၊ ဖုန်ထသောလမ်း
အသွင်ဆန်းကို၊ တမ်းတမိသည်
မွေးဌာနီ။

ရွာ၏အလယ်၊ လွန်တင့်တယ်၍
ဝင့်ထည်လှစွာ၊ ကျောင်းဝိဟာနှင့်
မကွာအမြဲ၊ တူယှဉ်တွဲသည့်
လက်တွဲအဖော်၊ ပင်ကံ့ကော်သည်
ဖူးမြော်သည့်လား၊ စေတီဘုရားကို
ညွတ်တွားနေသည်၊
မွေးမြေဆီ။

ရွာ၏နောက်ဘက်၊ တောင်ကုန်းထက်ရှိ
ခက်လက်စုံလင်၊ လက်ပံပင်မှ
မြည်သံဟစ်ကြွေး၊ ကျေးငှက်တေးကို
နွေးထွေးသာယာ၊ တေးသံသာသွင်
စိတ်မှာထင်၍၊ မြင်ယောင်မိပေ
မွေးရပ်မြေ။

မွေးရပ်မြေမှ၊ မိတ်ဆွေပေါင်းသင်း
သူငယ်ချင်းနှင့်၊ ရောင်းရင်းများစွာ
မျိုးသဟာကို၊ ရင်မှာပေါက်ဖွား
လွမ်းစိတ်များဖြင့်၊ မခြားနေ့ည
သတိရ၍၊
တမ်းတလို့သာ၊ မျှော်မိသည်။
မှန်းဆလို့သာ၊ ခေါ်မိသည်။

ကိုပေါက်ခေါင်း


မျှော်တော်ယောင်

တစ်နေ့မှာပေါ်လာနိုး
မျှော်ကိုးရမသက်သာ။

ချိန်တွေကြာနာရီဆုံးတော့
သူလုံးလုံးပေါ်မလာ။

မကြင်နာ
တမင်ခွာရှောင်လို့ပုန်း။

မောင်ဘုန်းမှာဝေဒနာနဲ့
ရှည်ထွက်လာဒီလည်ပင်းက
ဗျိုင်းမင်းတောင်ရှုံး။


ကိုပေါက်ခေါင်း

ငါးပိကြော်

ရင်မှာဝေဒနာ
မဖြေသာ၍
သေချာတွေးကြည့်
အဖြေညှိသော်
ငပိကြော်ကို လွမ်းမိ၏။

ကိုပေါက်ခေါင်း