ဘီပီယူတက္ကသိုလ်ကျောင်းသားများ၏
အနုပညာပြပွဲ
၂၀၁၆
------------------
Art Exhibition
လူမျိုးတိုင်း နိုင်ငံတိုင်း၌ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရှိကြစမြဲ ဖြစ်၏။ ထိုယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ လူသားတိုင်း၏ တာဝန်ပင် ဖြစ်၏။
မိမိတို့ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများကို ထုတ်ဖော်ပြသသည့် Art Exhibition ခေါ် အနုပညာပြပွဲကို (၂၀၊ ၁၁၊ ၂၀၁၆) မှ (၂၃၊ ၁၁၊ ၂၀၁၆) ရက်နေ့အထိ သီရိလင်္ကာနိုင်ငံရှိ Buddhist and Pali University ၌ ခင်းကျင်းပြသလျက်ရှိသည်။
ထိုပြပွဲကို တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဆရာတော်ကြီးနှင့် ဆရာ၊ဆရာမများ ဦးဆောင်၍ တက္ကသိုလ်၌ တက်ရောက်နေသော ကျောင်းသားများက အဓိကနေရာမှ ပြုလုပ်၍ ပြသခြင်း ဖြစ်သည်။
လက်မှုပညာကို တတ်ကျွမ်းပြီးသော လက်သမားများအဖို့ ပြခန်းတစ်ခုဖြစ်ဖို့အတွက် လွယ်ကူနိုင်သော်လည်း ငယ်စဉ်ကတည်းက စာအုပ်စာပေများနှင့်သာ နပန်းလုံးနေခဲ့ရသော ကျွန်ုပ်တို့အတွက်ကား မလွယ်ကူလှပေ။
ပျဉ်တိုပျဉ်စများကို ဖြတ်တောက်ရာ၌ လွှကြောင်းကောက်သွားခြင်း သံရိုက်ရာ၌ သံများကောက်သွားခြင်းကလည်း ကျွန်ုပ်တို့အတွက် ခက်ခဲသော အလုပ်ပင် ဖြစ်၏။
သီရိလင်္ကာနိုင်ငံသား ရဟန်းတော်များကား ငယ်စဉ်ကတည်းက လက်မှုပညာများနှင့် ရင်းနှီးခဲ့ဟန် ရှိ၏။ အိမ်ဆောက်ရာတွင်ဖြစ်စေ ပန်းချီ၊ပန်းပုစသော အနုပညာလက်ရာများကို ပြုလုပ်ရာ၌ဖြစ်စေ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်၏။
အနုပညာပြပွဲ၌ ခင်းကျင်းပြသမည့် ပစ္စည်းများ ထားဖို့ရန်အတွက် ဦးစွာပြခန်းတစ်ခုကို ဆောက်ရ၏။ ထိုပြခန်းထဲ၌ မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများကို တတ်နိုင်သလောက် အစွမ်းပြ၍ စနစ်တကျ နေရာချထားပေး၏။
ကျွန်ုပ်တို့ မြန်မာရဟန်းတော်များ၏ ပြခန်း၌ မြန်မာရိုးရာ စေတီတော်တစ်ဆူ၊ ရှင်လောင်းလှည့်နေသည့်ပုံ၊ တောအရပ်ဒေသများ၌ ဆွမ်းခံကြွနေသည့်ပုံနှင့် မြန်မာနိုင်ငံရှိ ထင်ရှားသော နေရာများနှင့် ဆယ့်နှစ်ရာသီပွဲတော် ဓာတ်ပုံများကို ခင်းကျင်းပြသထား၏။
အခြားပြခန်းတစ်ခု၌ ဗုဒ္ဓဝါဒနှင့် အစ္စလာမ်ဝါဒတို့၏ ခြားနားပုံများကို ပန်းချီပုံများ စာတမ်းများဖြင့် ပုံဖော်ပြသထား၏။ ထိုပြခန်းထဲ၌ ဗုဒ္ဓဘာသာဝင်တို့သည် တိရစ္ဆာန်များနှင့် ရင်းနှီးကျွမ်းဝင်စွာ နေကြ၍ အစ္စလာမ်ဘာသာဝင်တို့မှာမူကား တိရစ္ဆာန်လေးများကို ညှင်းပန်းနှိပ်စက်နေသည့်ပုံများကို ပြသထား၏။
နောက်ပြခန်းတစ်ခု၌ တောသဘာဝ ဘုရားနှင့် ရေကန် လယ်ကွင်းလေးများနှင့် ငှက်ကလေးများကို သဘာဝကျစွာ ပြုလုပ်ထား၏။ သီရိလင်္ကာနိုင်ငံသားတို့၏ ရှေးခေတ်ကာလက ကိုးကွယ်ခဲ့သော မြွေရုပ်တုများ၊ နတ်ကွန်းများကိုလည်း ပြသထားသည်။
ကျွန်ုပ်တို့နိုင်ငံတွင် ဤကဲ့သို့ ပွဲမျိုးလုပ်၍ ပြသမည်ဆိုလျှင်လည်း လာရောက်ကြည့်ရှုသူများ ရှိချင်မှ ရှိပေလိမ့်မည်။ သီရိလင်္ကာနိုင်ငံတွင်တော့ ရဟန်းတော်များ တတ်စွမ်းသလောက် ပြုလုပ်ထားသော အနုပညာလက်ရာများကို လာရောက်လေ့လာ ကြည့်ရှုသူများကား များပြားလှ၏။ အိမ်တစ်အိမ်ကို လေ့လာပြီးလျှင်လည်း မှတ်တမ်းစာအုပ်၌ စိတ်ဝင်တစား မှတ်တမ်းများ ရေးထားခဲ့ကြ၏။
ထိုကဲ့သို့ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာသူများကို မြင်ရသောအခါ အချိန်ကုန်၊ ငွေကုန်ခံ၍ ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာ ဆောက်လုပ်ထားရသော ကျွန်ုပ်တို့ကား အမောပြေရလေ၏။
အကယ်၍ ကျွန်ုပ်တို့ရဲ့ အနုပညာပြပွဲကြီးကို စိတ်ပါဝင်စားတယ်ဆိုလျှင်ဖြင့် သီရိလင်္ကာနိုင်ငံက Buddhist and Pali University လို့ခေါ်တဲ့ ဘီပီယူတက္ကသိုလ်ကြီးဆီသို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးတီးပြီး ကြွမြန်းခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်များ ……..
21.11.2016
No comments:
Post a Comment