Friday, April 29, 2022

အရှင်ဝိစိတ္တ (B.A , M.A Buddhism) အား ပူဇော်အပ်သည့် ဂုဏဝိသိဋ္ဌပူဇာ ပတ္ထနာ (ရှစ်ဆယ်ပေါ်တေးထပ်)

တေဇာ ဝေဖြာ သွေမကွာဖြိုးမောက်

ဝေဆာတန်ခိုးတောက် အမြတ်မှန်

မြေပထဗျာထိုးဖောက် သကတ်လျှံသည်

ဘဝဂ်ညံအောင် လွန်ကျော်ကြား။

အရှင်ဝိစိတ္တ ဂုဏ်ဟိတ်ကြွယ်သည်

ဘုံထိပ်ကယ် ခေါင်ထွဋ်ဖျား။



ဇမ္ဗူလွှမ်းပတ် ရနံ့ကြိုင်သည်

ပြန့်လှိူင်ညီ ဂုဏ်ယှက်ဝေသား

ပြည်တွင်းပြည်ပ ဌာနှစ်ရပ်မှာဖြင့်

ခါမလပ်ကာဆင့် ကြိုးကုတ်ပညာ

ညှိူးမယုတ်အစဉ်သာ ဖြူထိန်ဝင်းသမို့

သူရိန်မင်း လင်းသည့်ပမာ။


ဂုဏ်ဝေကဲဆင့် အဟောဝတအရှင်ကို

သောမနယှဉ် ပူဇာကဲသမို့

သူ ငါ နွှဲ ခါမလပ်ပျော်လေရာ

ရာသက်ကျော်စေပါ။

ဘုန်းသမ္ဘာဝင့် ထေရ်ဂုဏ်သခင်ကို

မသွေဂုဏ်တင် ပူဇော်ကြသည်ဘုရာ့လေး။


ထူးမြတ်လှ ဂုဏအရှင်ကို

ဦးချတင် ပူဇော်ကြသည်ဘုရာ့လေး။


ဟံသာသူရ (ရတုနွယ်)

ဂုဏ်ပြုရေးစပ် ပူဇော်သည်။

ငါ၏ကိုယ်တွင်

ငါ၏ကိုယ်တွင်

လောဘဝင်သော်

ဝင်လာလောဘအနိုင်ရအောင်

လောဘကင်းစင်ဘုရားရှင်ကို

ကြည်လင်မြတ်နိုး လက်စုံမိုး

ရှိခိုးပါ၏ဘုရား။


ငါ၏ကိုယ်တွင် ဒေါသဝင်သော်

ဝင်လာဒေါသအနိုင်ရအောင်

ဒေါသကင်းစင် ဘုရားရှင်ကို

ကြည်လင်မြတ်နိုး လက်စုံမိုး

ရှိခိုးပါ၏ဘုရား။ 


ငါ၏ကိုယ်တွင် မောဟဝင်သော်

ဝင်လာမောဟ အနိုင်ရအောင်

မောဟကင်းစင် ဘုရားရှင်ကို

ကြည်လင်မြတ်နိုး လက်စုံမိုး

ရှိခိုးပါ၏ဘုရား။ 

  


မင်းကွန်းဆရာတော်



Tuesday, April 26, 2022

Art Exhibition

ဘီပီယူတက္ကသိုလ်ကျောင်းသားများ၏
အနုပညာပြပွဲ
၂၀၁၆
------------------

Art Exhibition

လူမျိုးတိုင်း နိုင်ငံတိုင်း၌ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရှိကြစမြဲ ဖြစ်၏။ ထိုယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ လူသားတိုင်း၏ တာဝန်ပင် ဖြစ်၏။

မိမိတို့ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများကို ထုတ်ဖော်ပြသသည့် Art Exhibition ခေါ် အနုပညာပြပွဲကို (၂၀၊ ၁၁၊ ၂၀၁၆) မှ (၂၃၊ ၁၁၊ ၂၀၁၆) ရက်နေ့အထိ သီရိလင်္ကာနိုင်ငံရှိ Buddhist and Pali University ၌ ခင်းကျင်းပြသလျက်ရှိသည်။

ထိုပြပွဲကို တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဆရာတော်ကြီးနှင့် ဆရာ၊ဆရာမများ ဦးဆောင်၍ တက္ကသိုလ်၌ တက်ရောက်နေသော ကျောင်းသားများက အဓိကနေရာမှ ပြုလုပ်၍ ပြသခြင်း ဖြစ်သည်။

လက်မှုပညာကို တတ်ကျွမ်းပြီးသော လက်သမားများအဖို့ ပြခန်းတစ်ခုဖြစ်ဖို့အတွက် လွယ်ကူနိုင်သော်လည်း ငယ်စဉ်ကတည်းက စာအုပ်စာပေများနှင့်သာ နပန်းလုံးနေခဲ့ရသော ကျွန်ုပ်တို့အတွက်ကား မလွယ်ကူလှပေ။

ပျဉ်တိုပျဉ်စများကို ဖြတ်တောက်ရာ၌ လွှကြောင်းကောက်သွားခြင်း သံရိုက်ရာ၌ သံများကောက်သွားခြင်းကလည်း ကျွန်ုပ်တို့အတွက် ခက်ခဲသော အလုပ်ပင် ဖြစ်၏။

သီရိလင်္ကာနိုင်ငံသား ရဟန်းတော်များကား ငယ်စဉ်ကတည်းက လက်မှုပညာများနှင့် ရင်းနှီးခဲ့ဟန် ရှိ၏။ အိမ်ဆောက်ရာတွင်ဖြစ်စေ ပန်းချီ၊ပန်းပုစသော အနုပညာလက်ရာများကို ပြုလုပ်ရာ၌ဖြစ်စေ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်၏။

အနုပညာပြပွဲ၌ ခင်းကျင်းပြသမည့် ပစ္စည်းများ ထားဖို့ရန်အတွက် ဦးစွာပြခန်းတစ်ခုကို ဆောက်ရ၏။ ထိုပြခန်းထဲ၌ မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများကို တတ်နိုင်သလောက် အစွမ်းပြ၍ စနစ်တကျ နေရာချထားပေး၏။

ကျွန်ုပ်တို့ မြန်မာရဟန်းတော်များ၏ ပြခန်း၌ မြန်မာရိုးရာ စေတီတော်တစ်ဆူ၊ ရှင်လောင်းလှည့်နေသည့်ပုံ၊ တောအရပ်ဒေသများ၌ ဆွမ်းခံကြွနေသည့်ပုံနှင့် မြန်မာနိုင်ငံရှိ ထင်ရှားသော နေရာများနှင့် ဆယ့်နှစ်ရာသီပွဲတော် ဓာတ်ပုံများကို ခင်းကျင်းပြသထား၏။

အခြားပြခန်းတစ်ခု၌ ဗုဒ္ဓဝါဒနှင့် အစ္စလာမ်ဝါဒတို့၏ ခြားနားပုံများကို ပန်းချီပုံများ စာတမ်းများဖြင့် ပုံဖော်ပြသထား၏။ ထိုပြခန်းထဲ၌ ဗုဒ္ဓဘာသာဝင်တို့သည် တိရစ္ဆာန်များနှင့် ရင်းနှီးကျွမ်းဝင်စွာ နေကြ၍ အစ္စလာမ်ဘာသာဝင်တို့မှာမူကား တိရစ္ဆာန်လေးများကို ညှင်းပန်းနှိပ်စက်နေသည့်ပုံများကို ပြသထား၏။

နောက်ပြခန်းတစ်ခု၌ တောသဘာဝ ဘုရားနှင့် ရေကန် လယ်ကွင်းလေးများနှင့် ငှက်ကလေးများကို သဘာဝကျစွာ ပြုလုပ်ထား၏။ သီရိလင်္ကာနိုင်ငံသားတို့၏ ရှေးခေတ်ကာလက ကိုးကွယ်ခဲ့သော မြွေရုပ်တုများ၊ နတ်ကွန်းများကိုလည်း ပြသထားသည်။

ကျွန်ုပ်တို့နိုင်ငံတွင် ဤကဲ့သို့ ပွဲမျိုးလုပ်၍ ပြသမည်ဆိုလျှင်လည်း လာရောက်ကြည့်ရှုသူများ ရှိချင်မှ ရှိပေလိမ့်မည်။ သီရိလင်္ကာနိုင်ငံတွင်တော့ ရဟန်းတော်များ တတ်စွမ်းသလောက် ပြုလုပ်ထားသော အနုပညာလက်ရာများကို လာရောက်လေ့လာ ကြည့်ရှုသူများကား များပြားလှ၏။ အိမ်တစ်အိမ်ကို လေ့လာပြီးလျှင်လည်း မှတ်တမ်းစာအုပ်၌ စိတ်ဝင်တစား မှတ်တမ်းများ ရေးထားခဲ့ကြ၏။

ထိုကဲ့သို့ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာသူများကို မြင်ရသောအခါ အချိန်ကုန်၊ ငွေကုန်ခံ၍ ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာ ဆောက်လုပ်ထားရသော ကျွန်ုပ်တို့ကား အမောပြေရလေ၏။

အကယ်၍ ကျွန်ုပ်တို့ရဲ့ အနုပညာပြပွဲကြီးကို စိတ်ပါဝင်စားတယ်ဆိုလျှင်ဖြင့် သီရိလင်္ကာနိုင်ငံက Buddhist and Pali University လို့ခေါ်တဲ့ ဘီပီယူတက္ကသိုလ်ကြီးဆီသို့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးတီးပြီး ကြွမြန်းခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်များ ……..

ကိုပေါက်ခေါင်း 
21.11.2016

၀နပ္ပဂုမ္ဗေ

၀နပ္ပဂုမ္ဗေ ယထာ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိ ဂိမှေ။

တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာန ဂါမိ ပရမံ ဟိတာယ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


ဂိမှာနံ၊ ဒေါင်းငွေစင်္ကြာ သူရိယာ၏ ရောင်ဝါပြင်းပြ နွေလေးလတို့တွင်။  ပဌမသ္မိ ဂိမှေ၊ ရှေးဦးအစ နွေကာလဖြစ်သော။ မာသေ၊ ရနံ့သင်းထုံ ရောင်ဆင်းစုံသည့် ဖူးငုံပွင့်ချပ် ပန်းရင်ခတ်တို့ ပွင့်လတ်ခါထူး လတန်ခူး၌။ ဖုဿိတဂ္ဂေ၊ စွင့်စွင့်ကားကား ပင်လုံးကျွတ်ပွင့်သော အဖျားရှိသော။ ၀နပ္ပဂုမ္ဗေ၊ ကြီးကျယ်ခမ်းနား ပင်စုံပွား၍ မားမားမို့မို့ လေပြေတို့လျင် ယို့ယို့ယိုင်ယိုင် ရဂုံမြိုင်ထီး တောအုပ်ကြီးသည်။ သသီရိတော ယထာ၊ ရွှန်းရွှန်းအိအိ တင့်တယ်လှပသော အသရေရှိသကဲ့သို့။


တထူပမံ၊ ထိုတောအုပ်ကြီးသဖွယ် တင့်တယ်လှပ နက်နဲထူးခြားလှသည့် ကလျာဏသုံးဘုံ သတ္တဗျဥ္စန စသော ပန်းရနံ့တို့ဖြင့် ပြည့်စုံသော။ နိဗ္ဗာနဂါမိ ံ၊ ခန္ဓာကိုယ်ကြီး လောင်စာမီးတို့ ပျက်စီးကုန်ငြိမ်း ဒုက္ခသိမ်းရာ နိဗ္ဗူတာသို့ လျင်စွာဆတ်ဆတ် ရောက်စေတတ်သော။ ဓမ္မဝရံ၊ သုံးပုံပိဋကတ် နိကာယ်ငါးရပ် ကိုးသွယ်အင်္ဂါ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာဟု ဒေသနာအရပ်ရပ် ကျယ်ဝန်းများပြားသော ပရိယတ်တရားတော်မြတ်ကို။ ပရမံ ဟိတာယ၊ ဝေနေယျာများစွာ ချမ်းသာစေဖို့ မြတ်သောလောကုတ္တရာ အစီးအပွားအလို့ငှါ။ ဘဂဝါ၊ ငါတို့ဆရာ မြတ်စွာဘုရားသည်။ အဒေသယိ၊ ကရုဏာလှုံ့ဆော် ရွှေဉာဏ်တော်ဖြင့် ထုတ်ဖော်ကြူးသီ ဟောကြားတော်မူလေပြီ။


ဣဒမ္ပိ ဗုဒ္ဓေ အယံ ဧ၀ ဗုဒ္ဓေါ၊ ဤရွှေဘုန်းတော်သခင် သုံးခွင်ထွဋ်ထား မြတ်စွာဘုရားသည်သာလျှင်။

ပဏီတံ၊ လောကီရတနာ အဖြာဖြာတို့ထက် ကဲသာလွန်မြတ် ချီးမွမ်းအပ်သော။ ရတနံ၊ ကိုးကွယ်ရာအစစ် ရတနာကြီး ဖြစ်တော်မူပေ၏။


ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ ပါဏီတံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။





တောင်လည်ရွာမှ စစ်ဗိုလ်တစ်ယောက်

ဗိုလ်ကောင်းခန့်ဇော်ကို ပဲခူးရိုးမတောင်ခြေက 

တောင်လည်ရွာမှာ မွေးဖွားခဲ့တယ်။


အဖေက ဦးဝင်းဇော်အောင်

အမေက ဒေါ်မြင့်မြင့်ကြူ

မွေးချင်းညီအစ်ကိုနှစ်ယောက်မှာ

အဦးဆုံးသားဖြစ်တယ်။


မိသားစုထဲမှာ အကြီးဆုံးသားဖြစ်လို့

ဖိုးသားကြီးလို့ ရွာသားတွေက

ခေါ်ခဲ့ကြတယ်။


အေးအေးဆေးဆေး

တည်တည်ငြိမ်ငြိမ်နေတတ်တာက

ငယ်ငယ်ကတည်းက ပါလာခဲ့တဲ့

သူ့ရဲ့ပင်ကိုယ်စရိုက်တစ်ခုပဲ။


ခြောက်ပေခွဲလောက်အထိ ရှည်ထွက်နေတဲ့

သူ့အရပ်က သူများနဲ့မတူတဲ့

ထူးခြားချက်တစ်ခုပေါ့။


တောင်လည်ရွာကနေ ဆယ်တန်းအောင်ပြီး

ဗိုလ်သင်တန်းတက်ခွင့်ရခဲ့တယ်။


၂၀၁၈ ခုနှစ်မှာတော့

ကိုယ်ပိုင်နံပါတ် ကြည် ရ၃၅၂၁ နဲ့ 

ဗိုလ်လောင်းသင်တန်းဆင်းနိုင်ခဲ့တယ်။


ငယ်ငယ်က တို့သိခဲ့တဲ့ ဖိုးသားကြီးက 

အခုတော့

ဗိုလ်ကောင်းခန့်ဇော် ဖြစ်နေပြီ။


တို့ရွာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့

စစ်ဗိုလ်တစ်ယောက်

အခုတော့ ရှိလာခဲ့ပြီ။


စစ်သားတွေကို မကောင်းမြင်တဲ့ခေတ်မှာ

စစ်ဗိုလ်ဖြစ်လာပေမယ့်

တို့ရွာသားတွေအားလုံးက

မင်းအတွက် ဂုဏ်ယူလျှက်ပါပဲ။


အမိမြေရဲ့တာဝန်ကို

ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေ။


အရှင်ဝိမလ (ပေါက်ခေါင်း)

Sunday, April 24, 2022

ပိတောက်ပန်း

လမ်းတလျှောက်သင်းပါဘိ

ဆန်းသလောက် မလင်းနိုင်ဘု

ပန်းပိတောက်မင်း