Sunday, May 12, 2019

စာစပ်တော်သော ဗြဲတရော်


အခါတစ်ပါးက ရတနာပုံနေပြည်တော် ယခုအခေါ် မန္တလေးမြို့ ရွှေမန်းမြို့၊ မန်းရွှေမြို့ စသည့် အမည်များနှင့် ထင်ရှားသော နေပြည်တော်မှ ဘုရင့်လှေတော်တွင် အမှုထမ်းရသော လှေတော်သားတစ်ယောက်သည် ကိစ္စတစ်ခုနှင့် သွားရင်းလာရင်း ဧရာဝတီမြစ် အနောက်ဘက် စစ်ကိုင်းမြို့နှင့်မိုင်ခန့်အကွာတွင် တည်ရှိသော ဗြဲတရော်ရွာကြီးအနီးသို့ ရောက်လာရာ ရေခပ်ထွက်လာသော ဗြဲတရော်သူ လှပျိုဖြူများနှင့် တွေ့ဆုံလေ၏။

ထိုအခါ လှေတော်သားကပင် စတင်၍အို အမိတို့ ဒီရွာကြီးရဲ့ အမည်ကို ဘယ်လိုခေါ်ပါသလဲဟု မေးလိုက်သည့်အခါ ရေခပ်လာသည့် အမျိုးသမီးများကဒီရွာကို ဗြဲတရော်ရွာလို့ ခေါ်ပါတယ်“မောင်ကြီးကတော့ ဘယ်အရပ်က လာပါသလဲ” “ဘာအလုပ်အကိုင်များ လုပ်ပါသလဲ
နာမည် ဘယ်လိုခေါ်ပါသလဲဟု ဖော်ဖော်ရွေရွေ၊ စပ်စပ်စုစု မေးကြလေသည်။

လှေတော်သားသည် ရွာနာမည် ကြားလိုက်သည်ဆိုလျှင် စာစပ်တော်သည့် ဗြဲတရော်ဆိုသည်ကို ကြားဖူးလေ၍ အကြံတစ်ခုရလာသည်။

သူတို့ရွာက စာစပ်တော်ကြတယ်ဆိုရင် စပ်လို့ မဖြစ်နိုင်အောင် ငါရဲ့နေရပ်နဲ့ အလုပ်ကိုတော့ အမှန်အတိုင်းပြောပြီး နာမည်ကိုတော့ ကြံဖန်ပြီး ခဲခဲယဉ်းယဉ်းပြောကာ စာစပ်ခိုင်းလေမှပဲဟု စိတ်ကူးပေါက်ပြီး

ကဲ - ကဲ အမိတို့မေးတာကို ကျုပ်ပြောပြမယ်၊ ကျုပ်ပြောပြီးရင် ကျုပ်ပြောသမျှကိုတော့ အမိတို့က စာစပ်ပြရလိမ့်မယ်နော်၊ ကဲနားထောင် နားထောင်ဟု ဆိုပြီး

ကျုပ်တို့နေတာကတော့ မန္တလေးမြို့ပဲ၊ အလုပ်ကတော့ ဘုရင့်လှေတော်သား၊ နာမည်ကတော့ဂွပ်ဂွပ်ဂွမ်းတဲ့၊ ကဲ - စာစပ်ပေတော့"ဟု ပြောလိုက်လျှင် အရွယ်ငယ်ငယ် အမျိုးသမီးတစ်ယောက်က နှုတ်မှ ချက်ချင်းပင် စပ်ဆိုရွတ်ပြလိုက်သည်မှာကား

မန်းရွှေမြို့ပေါ်
လှေတော်မှုထမ်း
ဗြဲတရော်သူ လာမစမ်းနဲ့
ကိုဂွပ်ဂွပ်ဂွမ်းဟု စပ်ပြီး ဆိုပြလိုက်လေသည်။

လူထုဦးလှ

No comments:

Post a Comment