Thursday, October 26, 2017

သိန်းဃိုဠ်ပြည်က တောရွာကလေး

မနေ့တုန်းက သူငယ်ချင်းတစ်ပါးက ဒါနေးပင့်လို့ မနက်စောစောထပြီး လိုက်သွားလိုက်တယ်။ သူတို့ခေါ်လို့သာ လိုက်သွားရတာ ဘယ်ကိုသွားမယ်ဆိုတာ မသိခဲ့ဘူး။ ကားပေါ်ရောက်မှ သူတို့ပြောတာက ကထိနဒါနေးတဲ့။

မနက် ၈ နာရီလောက်ကတည်းက ကျောင်းကစထွက်တာ ၁၁ နာရီကျော်တဲ့အထိ သွားမယ့်နေရာကို မရောက်သေးဘူး။ မနက်စာလည်း စားမလာခဲ့တော့ ဗိုက်ဆာတာကလည်း အူတွေလိပ်နေပြီ။ ဗိုက်ကလည်းဆာ ကားပေါ်မှာလည်း အိပ်မပျော်တာနဲ့ ဘေးပတ်ဝန်းကျင်က ရှုခင်းတွေကိုကြည့်ရင်း လိုက်လာခဲ့မိတယ်။

ကိုလံဘိုက ထွက်ကာစတုန်းက ကားလမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး ပြေပြေပြစ်ပြစ်ပါပဲ။ အချိန်ကြာလာတော့ ကားလမ်းက တောင်တက်တဲ့လမ်း ဖြစ်နေတယ်။ တောင်တက်လမ်းဆိုတော့ အတက်အဆင်း အကွေ့အကောက် အရမ်းများတယ်။ တဖြည်းဖြည်းနဲ့ တောင်တွေက မြင့်သထက် မြင့်လာတယ်။ တောကြီးတွေက နက်သထက် နက်လာတယ်။

လမ်းဘေးတလျှောက်မှာ စမ်းချောင်းကလေးတွေက ရေစီးသံတွေနဲ့ ဆူညံနေတယ်။ ကျေးငှက်ကလေးတွေရဲ့ တေးဆိုသံတွေလည်း ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ သစ်ပင်အမြင့်ကြီးတွေပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတဲ့ မျောက်တစ်အုပ်ကိုလည်း တွေ့လိုက်ရတယ်။

တောင်အမြင့်ကြီးတွေပေါ်ရောက်တော့ လက်ဖက်စိုက်ခင်းတွေကို အများကြီးတွေ့ရတယ်။ လက်ဖက်စိုက်ခင်းထဲက တဲသေးသေးလေးကိုမြင်တော့ ချင်းပြည်နယ်က တောင်ယာစပါးခင်းတွေထဲက တဲလေးတွေကို ပြေးမြင်မိတယ်။

တောင်တန်းတလျှောက် ကွေ့ပတ်ဖောက်ထားတဲ့ ကားလမ်းပေါ်မှာ ပြေးလွှားနေတဲ့ ကားလေးပေါ်ကနေ ရှူရှိုက်ရတဲ့ လေနုအေးတွေက လတ်ဆတ်လွန်းနေတယ်။ လူတစ်ရပ်ကျော်ပြီး အလေ့ကျပေါက်နေတဲ့ စပါးပင်ကြီးတစ်ပင်ကိုလည်း လမ်းဘေးမှာ တွေ့လိုက်ရပါသေးတယ်။ တောင်အမြင့်ကြီးတွေပေါ်ကနေ ၀ဲဖြာကျနေတဲ့ ဖြူဖြူဖွေးဖွေး ရေတံခွန်ကြီးတွေကတော့ ကားပေါ်ပါလာသူအားလုံးရဲ့ စိတ်တွေကို သိမ်းကျူံးစွဲယူထားနိုင်တဲ့ သဘာဝရဲ့ အလှတရားတွေပါပဲ။

တောင်တန်းကြီးတွေပေါ်မှာ အိမ်လေးတစ်လုံးစ နှစ်လုံးစကို ကြိုကြားကြိုကြား တွေ့ရတယ်။ အိမ်လေးတွေကို တောင်ကမ်းပါးယံမှာ ခက်ခက်ခဲခဲ တည်ဆောက်ထားကြတယ်။ လူရှိရင် လမ်းရှိရမယ်၊ ကလေးရှိရင် စာသင်ကျောင်းရှိရမယ်၊ လူနာရှိရင် ဆေးရုံရှိရမယ် ဆိုတဲ့ သူတို့နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေကြောင့် အဲဒီတောင်ပေါ်မှာ လူနေအိမ်ခြေသိပ်မများပေမယ့် လမ်းကောင်းတယ်၊ မီးရတယ်၊ စာသင်ကျောင်းရှိတယ်၊ ဆေးရုံရှိတယ်။

သဘာဝရဲ့ အလှပန်းချီကားတွေကို ကြည့်ရှုခံစားရင်း တောင်ပေါ်တက်လာလိုက်တာ နေ့ခင်း ၁၁ နာရီခွဲလောက်မှာ ကထိန်ပင့်တဲ့ကျောင်းကို ရောက်ပါတယ်။ ရောက်ရောက်ချင်း အခမ်းအနား စခဲ့ကြတယ်။ တောင်ပေါ်က တောရွာလေးရဲ့ ကထိန်အလှူပွဲဆိုပေမယ့် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ပါပဲ။

ကထိန်ပွဲပြီးတော့ ရွာကလူငယ် လေးငါးယောက်လောက် တောင်အောက်က ချောင်းထဲကို လိုက်ပို့ကြတယ်။ သူတို့နိုင်ငံက လူကြီးတွေ သဘောကောင်းချက်ကတော့ ကားလမ်းကို ချောင်းကမ်းဘေးအထိ လိုက်ဖောက်ပေးထားတယ်။

ချောင်းထဲရောက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ရေမချိုးရသေးဘဲနဲ့ကို အလိုလိုလန်းဆန်းနေတော့တယ်။ ချောင်းထဲကရေတွေက ရေအောက်မှာရှိတဲ့ ကျောက်ခဲတွေ သဲတွေကို မြင်ရလောက်အောင်ကို ကြည်လင်နေတယ်။ ရေအောက်က ကျောက်ခဲတွေနဲ့ ကမ်းနံဘေးက သစ်ပင်တွေရဲ့ အရောင်ကြောင့် ရေတွေက စိမ်းပြီးတော့ ကြည်လင်နေတယ်။
ချောင်းထဲဆင်းပြီး ရေချိုးကြည့်လိုက်တော့ တောတောင်လျှိုမြောင်တွေ အထပ်ထပ်ကြားကနေ စီးဆင်းလာတဲ့ ရေတွေဖြစ်ပေမယ့် အရမ်းလည်းအေးမနေသလို အရမ်းလည်း ပူမနေပါဘူး။ အဲဒီလို ချောင်းထဲမှာ ရေမချိုးရတာ ကြာပြီဆိုတော့ ကျုပ်တို့တစ်ဖွဲ့လုံး ပျော်ပျော်ပါးပါး ရေဆင်းချိုးကြတယ်။

ရေထဲမှာကစားနေရရင် ပျော်နေတတ်တဲ့ ကျုပ်ကတော့ နားထဲကို ရေတွေဝင်ပြီး မျက်လုံးတွေနီလာတော့မှ ရေထဲက တက်ခဲ့တော့တယ်။ ကလေးဘ၀တုန်းက ရေအကြာကြီးချိုးလို့ အမေရိုက်တာကို ခဏခဏခံခဲ့ရဖူးတယ်။ ကိုရင်ဝတ်တော့လည်း ရေကူးလွန်းလို့ ကျောင်းကဦးဇင်းရိုက်တာကိုလည်း ခံခဲ့ရဖူးတယ်။

ကထိန်ပွဲကအပြန် ရင်ထဲမှာ ခံစားမိတာလေးကတော့ တို့နိုင်ငံက လူကြီးတွေလည်း သူများတွေနိုင်ငံက လူကြီးတွေကို နေရာအနှံ့ ကားလမ်းတွေဖောက်ပြီး မီးရရှိအောင် လုပ်ပေးမယ်ဆိုရင် အရမ်းကောင်းမှာပဲ ဟူ၍ပင်။

ကိုပေါက်ခေါင်း

No comments:

Post a Comment