Tuesday, June 28, 2022
သားခိုတောင်သို့ အလည်တစ်ခေါက်
မန္တလေးဘက်က အပေါင်းအသင်း သူငယ်ချင်းတွေရောက်ခိုက် အကြောင်းတိုက်ဆိုင်လို့ နေပြည်တော် တပ်ကုန်းမြို့နယ်ထဲက သမိုင်းဝင် သားခိုတောင်ကို ဘုရားဖူးခရီး သွားရောက်ခဲ့တယ်။
အနီးအနားမှာ လက်လှမ်းမီသလောက် စုံစမ်းကြည့်တော့ သားခိုတောင်ကို ရောက်ဖူးဖို့ဝေးစွ။ သားခိုတောင်ဆိုတဲ့ နာမည်ကို ကြားဖူးတဲ့လူတောင် ခပ်ရှားရှားရယ်။ ဗုဒ္ဓဂယာမှာ နှစ်ကျောင်းတစ်ကျောင်းလို အတူသီတင်းသုံးတဲ့ ဦးပညာသီဟက လမ်းညွှန်လို့သာ ခရီးလမ်းကြောင်းကို အကြမ်းဖျင်းအနေနဲ့ သိခဲ့ရတယ်။
သားခိုတောင်သွား လမ်းတလျှောက်မှာ စိမ်းလန်းစိုပြေနေတဲ့ လယ်ကွင်းပြင်တွေကို တစ်မျှော်တစ်ခေါ် တွေ့မြင်ရတယ်။ အဝေးမှာတော့ မှိူင်းညို့နေတဲ့ ရှမ်းရိုးမတောင်တန်းကြီးက ကြည့်ရှူလို့ မဆုံးနိုင်အောင်ပါပဲ။ တချို့နေရာတွေမှာဆိုရင် လယ်ကွင်းတွေထဲမှာ ပေါက်နေတဲ့ ထန်းပင်တွေကို ကွက်တိကွက်ကျား တွေ့ရတတ်တယ်။
လယ်ကွင်းတွေရဲ့အလယ်မှာ ဖြတ်ဖောက်ထားတဲ့ ကတ္တရာလမ်းဟာ သာယာဖြောင့်ဖြူးလို့နေတယ်။ မြောင်းအကူးတွေမှာရှိတဲ့ သစ်သားတံတားလေးတွေရဲ့ ခိုင်ခံ့မှူနည်းပါးတာကတော့ အားနည်းချက်တစ်ခုပေါ့။ လတ်ဆတ်တဲ့လေကို ရှူရှိူက်ကာ သဘာဝရဲ့ အလှအပတွေကို ခံစားရင်း ခရီးသွားရတာလည်း ပျော်စရာတစ်မျိုးပါပဲ။
သားခိုတောင်ကို မရောက်ခင် အုန်းပင်စံပြကျေးရွာကို အရင်ရောက်တယ်။ အုန်းပင်ရွာကို မရောက်ခင် ကားလမ်းပေါ်ကနေ သားခိုတောင်ပေါ်မှာရှိတဲ့ စေတီတော်လေးနဲ့ သာသနိကအဆောက်အဦတွေကို လှမ်းပြီးဖူးမြင်နိုင်ပါတယ်။
အုန်းပင်စံပြကျေးရွာက အိမ်ခြေငါးရာလောက်ရှိတဲ့ ရွာကြီးတစ်ရွာပါပဲ။ ရွာသူရွာသားအများစုဟာ လယ်ယာလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြတယ်။ ရွာလယ်လမ်းအတိုင်း ၀င်လာလိုက်ရင် သိပ်မကြာခင်မှာပဲ သားခိုတောင်မုခ်ဦးကို တွေ့ရပါတော့တယ်။
တောင်တက်လမ်းက အရမ်းမတ်စောက်ပြီး ကျဉ်းလွန်းနေတယ်။ ကားလေးတွေဆိုရင် တောင်ပေါ်တက်ဖို့ မလွယ်လောက်သလို လမ်းမှာ ကားတစ်စီးနဲ့တစ်စီး တွေ့ရင်လည်း ရှောင်ဖို့တိမ်းဖို့ အခက်တွေ့စေနိုင်ပါတယ်။
ဘုရားပေါ်ကိုတက်ဖို့ တောင်တက်လမ်း သုံးလမ်းရှိတယ်။ လမ်းတွေကတော့ အိုမင်းပျက်စီးနေပါပြီ။ အဲဒီလမ်းတွေမှာ ရှေးဟောင်းအုတ်ခဲ အကြီးကြီးတွေကို တွေ့ခဲ့ရတယ်။ အဲဒီအုတ်ခဲတွေကို အသုံးပြုပြီး တောင်တက်လမ်းတွေကို ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်မယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။
တောင်ပေါ်ရောက်လို့ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိူက်ရင်း ပတ်ဝန်းကျင်ရှူခင်းတွေကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ တောင်အတက်မှာ ပင်ပန်းခဲ့သမျှ ကွယ်ပျောက်ပြီး အမောပြေခဲ့ရပါတယ်။ သားခိုတောင်ကို မဟာလှေကားပန်းပင်တွေနဲ့ ၀န်းရံနေလို့ ပန်းပွင့်ချိန်ရောက်ပြီဆိုရင် ပန်းရောင်တွေနဲ့ တောင်တစ်ခုလုံး ၀င်းထိန်လှပနေတယ်လို့ ပြောကြတယ်။
ဘုရားအလောင်း ကျွဲမင်းရဲ့ခြေရာနဲ့ မိခင်ကျွဲမကြီးတို့ရဲ့ ခြေရာကို စေတီတော်ရဲ့ အရှေ့တောင်ဘက်မှာ တွေ့ရနိုင်တယ်။ အဲဒီနေရာမှာပဲ ပြန်လည်ပြုပြင်ထားတဲ့ ကျွဲသားအမိ ရေသောက်ခဲ့တဲ့ ရေကန်တစ်ခု ရှိတယ်။
ဘုရားရင်ပြင်တော်ပေါ်မှာတော့ ရှေးဟောင်းခေါင်းလောင်းကြီး နှစ်လုံးနဲ့ ဘုရားအလောင်း ကျွဲမင်းသားအမိရဲ့ ပုံတူရုပ်တုကို ကြည့်ရှူလေ့လာနိုင်ပါတယ်။
သားခိုတောင်သမိုင်း
-------------------
ရှေးအခါက ရှမ်းရိုးမနဲ့ မိတ္ထီလာဝန်းကျင် မြေပြန့်ဒေသမှာ ဒေဝဒတ်အလောင်း ကျွဲမင်းကြီးဟာ နောက်လိုက်နောက်ပါတွေနဲ့ လှည့်လည်ကျက်စားနေထိုင်ခဲ့ပါသတဲ့။ သူအုပ်ချုပ်တဲ့ ကျွဲအုပ်စုထဲမှာ ကျွဲကလေးတွေ မွေးလာတဲ့အခါ ကျွဲမလေးတွေဆိုရင် အသက်ရှင်ခွင့်ပေးပြီး ကျွဲထီးလေးတွေဆိုရင် ရှင်သန်ကြီးထွားခွင့်မပြုဘဲ ငယ်ငယ်လေးကတည်းက အသေသတ်ပစ်ခဲ့လိုက်တယ်။ တနေ့ကျရင် သူ့ကိုယှဉ်ပြိုင်လာမှာ စိုးတဲ့အတွက်ကြောင့်ပါတဲ့။
တစ်နေ့တော့ ကျွဲအုပ်ထဲက ကျွဲမတစ်ကောင်ဟာ ကျွဲမင်းနဲ့ရတဲ့ ကိုယ်ဝန်တည်သွားခဲ့တယ်။ ကျွဲမလေးဟာ ကိုယ်ဝန်ကနေ ကျွဲထီးလေးမွေးလာခဲ့ရင် သူ့သားကို ကျွဲမင်းရန်ကလွတ်အောင် အဲဒီနေရာကနေ ခွဲထွက်လာခဲ့တယ်။ ယခု အုန်းပင်ရွာနေရာမှာရှိတဲ့ တောင်ပေါ်မှာ ခိုလှုံပုန်းအောင်းနေရင်း အချိန်တန်တော့ ဘုရားအလောင်းကျွဲမင်းကို မွေးဖွားလာခဲ့တယ်။ အဲဒီတောင်ကို ဘုရားလောင်းကျွဲမင်း ခိုလှူံပုန်းအောင်ခဲ့တဲ့ နေရာဖြစ်လို့ သားခိုတောင်လို့ ခေါ်ဝေါ်ခဲ့ကြတယ်။
ဘုရားလောင်းကျွဲပေါက်လေးဟာ မိခင်ကျွဲမကြီးနဲ့အတူ သားခိုတောင်မှာ ပုန်းအောင်းနေထိုင်ရင်း တဖြည်းဖြည်း ကြီးထွားလာခဲ့တယ်။ တစ်နေ့ကျရင် ကျွဲမင်းကြီးနဲ့ ယှဉ်ပြိုင်ရမှာမို့ အားမွေးရင်း ကျွဲမင်းကြီးရဲ့ခြေရာကို သူ့ခြေရာနဲ့ နေ့တိုင်းလိုလို သွားရောက်တိုင်းတာနေခဲ့တယ်။ ခြေရာမညီသေးရင် လှည့်ပြန်တယ်။ ခြေရာတိုင်းတယ်ဆိုတဲ့စကားဟာ ဒီဇာတ်တော်က အစပြုခဲ့တယ်လို့ ဆိုကြတယ်။
ဘုရားအလောင်းကျွဲပေါက်လေးဟာ သူ့ဖခင်ခြေရာနဲ့ သူ့ခြေရာ ထပ်တူကျချိန်မှာ ကျွဲမင်းကြီးနဲ့ ယှဉ်ပြိုင်ခတ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ဘုရားလောင်းကျွဲပေါက်လေးက အနိုင်ရပြီး ကျွဲမင်းကြီးကတော့ အရှူံးပေးကာ အသက်စတေးခဲ့လိုက်ရတယ်။
ဘုရားလောင်းကျွဲလေးနဲ့ ဒေဝဒတ်အလောင်း ကျွဲမင်းကြီးတို့ရဲ့ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး ကျွဲနှစ်ကောင် ယှဉ်ပြိုင်ခတ်ခဲ့တဲ့နေရာကို ပြိုင်အင်း အခုတော့ ဗျိုင်းအင်း
ကျွဲမင်းကြီး အရှူံးပေးကာ ဒူးတုပ်ပြီး အခတ်ခံခဲ့ရာနေရာကို ဒူးတုပ်ကန်
ကျွဲမင်းကြီးရဲ့ ဦးချိုပြုတ်ကျရာ နေရာကို ချိုကျအင်း
စသည်ဖြင့် အဲဒီဒေသတဝိုက်မှာ ယနေ့ထက်တိုင် ခေါ်ဝေါ်နေခဲ့ကြတယ်။
ခရီးလမ်းညွှန်
------------
သားခိုတောင်ကို သွားမယ်ဆိုရင် နေပြည်တော်ကနေ ရန်ကုန် မန္တလေး လမ်းဟောင်းအတိုင်း ထွက်လာပြီး တပ်ကုန်းမြို့မရောက်ခင် ပင်လောင်းဘက်ကိုသွားတဲ့ ကင်းသာလမ်းခွဲရှိတယ်။ လမ်းခွဲအတိုင်း တစ်မိုင်လောက် သွားလိုက်တော့ ခရိုင်ချင်းဆက်လမ်းနဲ့ဆုံတဲ့ လမ်းဆုံတစ်ခုရှိတယ်။
အဲဒီလမ်းဆုံကနေ ဘယ်ဘက်ချိုးပြီး မြောက်ဘက်အတိုင်း တဖြောင့်တည်းသွားတဲ့လမ်းကတော့ သားခိုတောင်ကိုသွားတဲ့လမ်းပါပဲ။ သားခိုတောင်က အုန်းပင်စံပြရွာမှာ ရှိတယ်။ ကင်းသာလမ်းခွဲကနေ အုန်းပင်စံပြရွာအထိ (၁၂) မိုင်လောက် ဝေးတယ်။ အုန်းပင်ရွာရောက်ရင်တော့ သားခိုတောင်ကို ရောက်တာပါပဲ။
အရှင်ဝိမလ (ပေါက်ခေါင်း)